ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စက်တင်ဘာ ၂၅ ရက် ဒီနေ့ မနက် ၉ နာရီက စစ်ကောင်စီတပ်တွေနဲ့ ဒီးမော့ဆို PDF၊ KNDF၊ K.A တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်က စစ်အင်အား ၂၀၀ လောက်နဲ့ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာကို စစ်ကြောင်းထိုးရာကနေ စတင်တိုက်ပွဲဖြစ်ပွားတာဖြစ်ပြီး ကုန်းသာကျေးရွာနဲ့ သေးဆူလဲကျေးရွာမှာလည်း ဒီမနက် ၉ နာရီကနေ မွန်းလွဲပိုင်းအထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတယ်လို့ဆိုပါတယ်။
ဒီတိုက်ပွဲမှာ စစ်တပ်က တာဝေးပစ်ကျည် အသုံးပြုတိုက်ခိုက်ခဲ့တဲ့အပြင် ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးပြီး နေရာယူထားတယ်လို့လည်း ဒေသခံ ကာကွယ်ရေးတပ်သားတွေက ပြောပါတယ်။
ဒီနေ့တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ အတိအကျ မသိရသေးပါဘူး။
ဒီးမော့ဆိုမြို့နယ်မှာ ဒေါပိုးစီကျေးရွာအနီးမှာ စက်တင်ဘာ ၂၁ ရက်ကလည်း စစ်ကောင်စီတပ်တွေနဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဒီးမော့ဆိုမြို့နယ် ဒေါငံခါးမီးပွိုင့်အနီး စက်တင်ဘာ ၁၇ ရက်က မိုင်းလက်ကျန် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲကြောင့် ဒီးမော့ဆိုမြို့နယ်က ကျေးရွာအတော်များများ တကျော့ပြန် တောတောင်တွေထဲ ထွက်ပြေးတိမ်း ရှောင်နေကြရသလို လက်ရှိ ကယားပြည်နယ်မှာ ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် စစ်ရှောင်ဒေသခံ တသိန်းကျော် အိုးအိမ် စွန့်ခွာထွက်ပြေးနေကြရပါတယ်။
Photo - ဒီမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်