မိုဇမ်ဘစ်စစ်ရှောင်များ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်လာ

မိုဇမ်ဘစ်နိုင်ငံမြောက်ပိုင်းနေပြည်သူတွေဟာ လွန်ခဲ့တဲ့ ၆ လလောက်က အစ္စလာမ္မစ်နိုင်ငံတော်နဲ့ ဆက်နွှယ်နေတဲ့ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေကနေ ပြည်တွင်းမှာ စစ်ဘေးရှောင်နေရပေမဲ့လည်း အခုတော့ လုံခြုံရေးစိုးရိမ်မှုတွေ ရှိနေတဲ့ကြားကပဲ ကိုယ့်နေရပ် နေအိမ်တွေဆီ ပြန်လာနေကြပါပြီ။ 

ရဝမ်ဒါနဲ့ တခြားအာဖရိကနိုင်ငံများက စစ်သားတွေရောက်လာပြီး သူပုန်တွေကို ဆုတ်ခွာ ကြဖို့ တွန်းအားပေးခဲ့ပြီးနောက်မှာတောင် မြောက်ဘက်စွန်းပြည်နယ် ကာဘိုဒလ်ဂါဒိုရဲ့ နေရာအတော်များများမှာ လုံးဝကို စွန့်ပစ်နေရာဖြစ်ပြီး ပျက်စီးနေပါတယ်။ 

မီဒီယာသတင်းတွေအရ အဲ့ဒီဒေသတွေဆီ ပြန်လာကြတာ အန္တရာယ်ကင်းပါတယ်လို့ ဒေသခံအရာရှိတချို့ အကြံပြုခဲ့ကြပြီး တချို့နေရာတွေမှာတော့ အရပ်သားတွေကို သူတို့ ထွက်ပြေးခဲ့ကြတဲ့ မြို့တွေဆီ စစ်သား အစောင့်အကြပ်တွေနဲ့ လိုက်ပါ ပို့ဆောင်ပေးခဲ့ ရတယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂ လုံခြုံရေးနဲ့ဘေးကင်းရေးဌာန (UNDSS) ကတော့ လုံခြုံရေးက မရေရာသေးဘူးလို့ သတိပေးထားကြောင်း ရိုက်တာက တွေ့မြင်ခဲ့ရတဲ့ စာရွက်စာတမ်းတွေအရ သိရပါတယ်။

ရဝမ်ဒါကာကွယ်ရေးတပ်ဖွဲ့ (RDF) ပြောရေးဆိုခွင့်ရှိသူ ရိုနလ်ဒ် ရွီဗန်ဂါ ပြောတာကတော့ သူတို့ဟာ စခန်းတွေကို ဖြတ်ပြီး နေရပ်ပြန်ပို့ရေးကို ဆက်လုပ်သွားမယ်လို့ စက်တင်ဘာ ၂၃ ရက် ကြာသပတေးနေ့မှာ ရိုက်တာကို ပြောခဲ့ပါတယ်။ 

သူပုန်တွေဟာ မတ်လတုန်းက သူတို့ရဲ့အထင်ရှားဆုံးချေမှုန်းရေးထဲမှာ Palma ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူအတော်များများ သေဆုံးခဲ့ရပြီးတော့ လူ ၉ သောင်းနီးပါး သူတို့အိမ်တွေ ကနေ မဖြစ်မနေ စွန့်ခွာပြေးခဲ့ရတာပါ။ 

မြို့အစွန်အဖျားမှာ ဘီလီယံပေါင်းများစွာ တန်တဲ့ ဓာတ်ငွေ့စီမံကိန်းတစ်ခုကလည်း လည်ပတ်မှု ရပ်တန့်သွားပြီး ဒေသတွင်းအိမ်နီးချင်းတွေဆီက စစ်ရေးအကူအညီကို လက်ခံဖို့ မိုဇမ်ဘစ်ကို သတိပေးတိုက်တွန်းကြပါတယ်။ 

ဒါပေမဲ့ အဲ့ဒီဒေသတွေဆီ မပြန်ချင်၊ မပြန်ရဲသေးတဲ့လူအတော်များများ ကျန်နေသေးပြီး အခုလအတွင်းမှာ လူဦးရေ ၇ သိန်းခွဲလောက် အိုးအိမ်မဲ့ဖြစ်နေကြောင်း နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှုအဖွဲ့အဆိုအရ သိရပါတယ်။ 

ပြည်နယ်တဝန်း လူတွေဟာ ၀င်ငွေမရှိ၊ စားနပ်ရိက္ခာရရှိမှု နည်းပါးပြီး တချို့နေရာ အတော်များများမှာလည်း အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ OCHA က ဇူလိုင်လမှာ ပြောကြားခဲ့ပါတယ်။ 

အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့ကြားမှာ ဇူလိုင်လအတွင်း မြို့နဲ့အနီးတဝိုက်မှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့လူပေါင်း ၁ သိန်း ၂ သောင်းလောက်ရှိတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာမှုကူညီပေးရေး အေဂျင်စီက ပြောပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up