ရန်ကုန်အပါအဝင် မြန်မာနိုင်ငံတဝန်း မြို့နယ်တွေ အတော်များများမှာ စက်တင်ဘာ ၂၄ ရက် ဒီနေ့ မွန်းလွဲပိုင်းကစပြီး လျှပ်စစ်မီးပြတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ မွန်းလွဲ တစ်နာရီခွဲဝန်းကျင်ကစပြီး မဟာဓာတ်အားလိုင်း ဓာတ်အားစနစ်ချို့ယွင်းမှုဖြစ်ပြီး ရန်ကုန်၊ မန္တလေးနဲ့ ၊ နေပြည်တော်အပါအဝင် တနိုင်ငံလုံး နေရာဒေသအများအပြား လျှပ်စစ်ပြတ်တောက်နေတာဖြစ်ပါတယ်။
ရန်ကုန်တိုင်းမှာ တာမွေ၊ ကျောက်မြောင်း၊ သာကေတ၊ ဒေါပုံ၊ သင်္ဃန်းကျွန်း၊ ကြည့်မြင်တိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ စတဲ့မြို့နယ်တွေမှာ မီးပြတ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
မန္တလေးနဲ့ ၊ နေပြည်တော်မှာတော့ တချို့နေရာတွေမှာ မီးလာပြီး တချို့နေရာတွေမှာ မီးမလာဘူးလို့ မြို့ခံတွေက ပြောပါတယ်။
ဧရာဝတီတိုင်းထဲက ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ အိမ်မဲ စတဲ့ မြို့တွေမှာ မီးပြတ်နေပြီး မြို့တချို့မှာတော့ မီးပြန်လာနေပြီလို့ သိရပါတယ်။
“အခုထိမလာသေးဘူး။ ပြတ်တာ ၁ နာရီလောက်ရှိပြီ” လို့ ပုသိမ်ဒေသခံတယောက်က ပြောသလို အိမ်မဲမြို့ ဒေသခံတယောက်ကလည်း သူတို့ဆီမှာ မီးပြတ်နေတယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်း ပြည်မြို့မှာလည်း မီးပြတ်နေတယ်လို့ သိရပြီးပဲခူးမြို့မှာတော့ မီးပြန်လာပြီလို့ သိရပါတယ်။
ရှမ်းပြည်နယ် လားရှိုး၊ တောင်ကြီး၊ မိုင်းပျဉ်း ၊ ကျိုင်းတုံနဲ့ ဖယ်ခုံမှာ မီးမပြတ်ဘူးလို့ သိရပါတယ်။ ကယားပြည်နယ် လွိုင်ကော်မှာ မီးမပြတ်ပေမဲ့ ဒီးမော့ဆိုမှာတော့ မီးပြတ်သွားပြီး ပြန်လာနေပြီလို့ သိရပါတယ်။
ချင်းပြည်နယ် ဟားခါး၊ မွန်ပြည်နယ် သထုံမြို့နဲ့ ကရင်ပြည်နယ် ဘားအံမြို့တို့မှာလည်း မီးမလာဘူးလို့သိပါတယ်။
ကချင်ပြည်နယ်ထဲမှာလည်း လျှပ်စစ်မီး ပြတ်တောက်နေပြီး မြစ်ကြီးနားဒေသခံတယောက်ကတော့ သူတို့ဆီမှာ မပြတ်ဘူးလို့ ဆိုပါတယ်။ ရခိုင်ပြည်နယ် သံတွဲမှာလည်း မီးအချိန်အတော်ကြာပြတ်သွားပြီး ပြန်လာနေပြီလို့သိရပါတယ်။
ရန်ကုန်တိုင်းမှာ ဒီနေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်က ဓာတ်အား စနစ်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ရာ ဓာတ်အားပြန်လည်ရရှိရေးကို အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် နေ့လယ် ၂ နာရီ ၁၀ မိနစ်မှာ ဓာတ်အားစနစ်ဖြင့် ပြန်လည်ချိတ်ဆက်နိုင်ခဲ့ပြီးလို့င ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ကြေညာထားပေမဲ့ မြို့နယ်အများစုမှာ မီးမလာသေးဘူးလို့ သိရပါတယ်။