စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စက်တင်ဘာ ၂၃ ရက် ဒီမနက် ၈ နာရီဝန်းကျင်က သံမဏိအဖွဲ့ဝင်ခွန်ဆာ ဦးဆောင်တဲ့ ပြောက်ကျားတပ်ဖွဲ့နဲ့ ချောင်းဦး PDF အဖွဲ့တို့ပူးပေါင်းပြီး စစ်ကောင်စီယာဉ် ၂ စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“အကြမ်းဖက်စစ်ကောင်စီယာဉ် ၂ စီးက မြင်းမူဘက်ကနေ မုံရွာဘက်ကို ဦးတည်လာတာ။ နတ်ရေကန်၊ ရေပိုးစားကွေ့မှာ မိုင်း ၉ လုံး ခွဲပြီး ခြုံခိုတိုက်ခိုက်လိုက်လို့ စခကားနှစ်စီးလုံး မိုင်းထိပျက်စီးသွားပြီး စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်း သေဆုံးနိုင်တယ်။ ဒဏ်ရာရသူ တွေလည်း အများကြီး။”လို့ PDF ပူးပေါင်းအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် လူနာတင်ယာဉ်တွေရောက်လာကာ စစ်ကောင်စီတပ်ဘက်က ဒဏ်ရာရသူတွေကိုတင်ဆောင်ပြီး မုံရွာမြို့ဘက်ကို ပြန်သွားကြတယ်လို့ ဒေသခံမျက်မြင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။