ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံအနေနဲ့ စက်တင်ဘာ ၂၇ ရက် မိန့်ခွန်းပြောဖို့ စာရင်းထွက်ထားပေမယ့် အဲဒီနေ့မှာ မိန့်ခွန်းပြောသွားမှာမဟုတ်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို စက်တင်ဘာလ ၁၄ ရက်နေ့မှာစတင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခေါင်းဆောင်တွေက နိုင်ငံကိုယ်စားပြုမိန့်ခွန်းတွေ အသီးသီး ပြောဆိုခဲ့ကြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ မိန့်ခွန်းပြောဆိုဖို့အတွက် စာရင်းထွက်ထားပေမယ့် အဲဒီနေ့မှာ မိန့်ခွန်းပြောဆိုသွားမှာမဟုတ်ဘူးလို့ ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ဒီဗွီဘီသတင်းဌာနကိုပြောပါတယ်။
ဦးကျော်မိုးထွန်းအနေနဲ့ စက်တင်ဘာ ၂၁ ရက်မှ ၂၇ ရက် အထိကျင်းပနေတဲ့ ကုလသမဂ္ဂအထွေ ထွေညီလာခံအစည်းအဝေးတွေကို တက်ရောက် မိန့်ခွန်းပြောမှာ မဟုတ်ပေမဲ့ အဲဒီနောက်ပိုင်း ကျင်းပမယ့်အစည်းအဝေးတွေမှာတော့ မိန့်ခွန်းပြောဆိုတာတွေနဲ့ အဆိုပြုချက်တင်သွင်းတာ တွေကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအမြဲတန်းကိုယ်စားလှယ်ထားရှိနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေး အစိုးရနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ ကိုယ်စားလှယ် အပြိုင်တင်သွင်းထားတဲ့အတွက် ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာကိုဆုံးဖြတ်မယ့် အရည်ချင်းစစ် ကော်မတီကို ဖွဲ့စည်းခဲ့ပြီး နိုဝင်ဘာလအတွင်း ဆုံးဖြတ်နိုင်ဖွယ်ရှိနေပါတယ်။
လက်ရှိမှာတော့ ၂၀၁၅ ပါတီစုံရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီအစိုးရက ခန့်အပ်ထားတဲ့ ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ဆက်လက်အသိမှတ်ပြုထား ပါတယ်။