Home
မြန်မာသတင်း
ထိုင်းမူးယစ်ဆေးဖြတ်စခန်း ညှဉ်းပန်းနှိပ်စက်မှုတွင် ရဲဝန်ထမ်းများ အရေးယူခံရ
DVB
·
September 23, 2021

ထိုင်းနိုင်ငံအနောက်ပိုင်း၊ ကန်ကျနပူရီခရိုင်ရှိ မူးယစ်ဆေးဖြတ်စခန်းတစ်ခုမှာ ဆေးဖြတ်မယ့်သူတွေ အကျဉ်းသားတွေလို ပိတ်လှောင်ခံထားရ၊  ညှဉ်းပန်းနှိပ်စက်ခံနေရတာနဲ့ စစ်ဆေးတွေရှိခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တချို့နဲ့  ဆေးဖြတ်စခန်းတာဝန်ရှိတွေ လူကုန်ကူးမှုနဲ့ အမှုဖွင့်ခံထားရပါတယ်။ 

အဆိုပါစခန်းမှာ ကန်ကျနပူရီခရိုင် မခန်တေ့မြို့နယ် ဝပ်ထာ့ဖုရတ်ဘန်းရုန်းဘုန်းကြီး ကျောင်းဝင်းထဲမှာတည်ရှိပြီး မူးယစ်ဆေးဖြတ်သူလိုသူတွေရော၊ တခြားအမှုနဲ့ အဖမ်းခံထားရသူ တွေကိုပါ ရဲတွေက လာထားထားကာ အပြင်ကမိသားစုဝင်တွေထံငွေညှစ်ယူသလို အထဲမှာလည်း အကျဉ်းသားတွေလို ပိတ်လှောင်နှိပ်စက်တာတွေရှိနေတယ်လို့  ပြည်သူ့ဘက်တော်သားရှေ့နေ ဖိုင်း ဆန်ရိုင်းရစ်က သတင်းထောက်တွေကို ပြောပါတယ်။

 ဆေးဖြတ်လိုသူတွေဟာ ဝင်ကြေးဘတ် ၁ သောင်းအပြင် စားစရိတ်လစဉ်ကြေး ဘတ် ၂၀၀၀ ကို ၂ နှစ်ထိသွင်းရပြီး အထဲမှာတော့ အဆုတ်ကိုဓာတ်မှန်ရိုက်ပေးတာကလွဲလို့ ဆေးဝါး ကုသမှုမရှိ၊ မနက် ၃ နာရီမှ နေ့လည် ၁၁ နာရီထိ တရားထိုင်ဘုရားစာကျယ်ကျယ်ရွတ်၊ အသံမကျယ်ရင် အရိုက်ခံရ၊ ထမင်းကို တနေ့ ၂ နပ်၊ တချို့နေ့တွေမှာ ၁ နပ်သာကျွေးပြီး သားငါး မရှိ အသီး အရွက်ရေလုံပြုတ်တွေနဲ့သာ စားရတယ်လို့ဆိုပါတယ်။

ဟောခန်းတစ်ခုတည်းသာရှိတဲ့ တိုက်ပု တစ်လုံးထဲမှာ လူ ၂၀၀ ကျော်ထည့်ထားပြီး ပြတင်းပေါက်မရှိ၊ ပန်ကာ ၂ လုံး နဲ့ အိမ်သာ ၂ လုံးသာ ရှိပြီး လေဝင်လေထွက်မကောင်း၊ သန့်ရှင်းမှုမရှိတာကြောင့် အရေပြားရောဂါကူးစက်မှုတွေပါ ရှိနေကြောင်း၊ တယ်လီဖုန်းကိုင်ဆောင်ခွင့်မရှိ၊ မိဘနဲ့ စကားပြောလိုက စခန်းတာဝန်ခံ ရှေ့မှာစပီကာဖွင့်ပြီး ပြောရကာ စည်းကမ်းဖောက်ဖျက်ရင် လက်ထိပ်ခတ်ပြီး တနေကုန် ထမင်းအငတ်ထားတယ်လို့ ဆိုပါတယ်။

အချိန်မတိုင်မီစခန်းမှပြန်ထွက်လိုပါက နောက်ထပ် ဘတ် ၁၀၀၀၀ ဒဏ်ကြေးပေး ရကြောင်း၊ စခန်းက ကျောင်းတိုက်မှာ သင်္ကန်းဝတ်နဲ့နေမယ်ဆိုရင်တော့ နောက်ထပ် ဘတ် ၂ သောင်းပေးရပြီး သင်္ကန်းဝတ်တော့လည်း အလုပ်ကိုမညှာမတာခိုင်းတာ၊ မလုပ်ရင် ဒဏ်ပေးတာခံ ရပြန်တယ်လို့ ဆိုပါတယ်။ 

နှိပ်စက်မှုခံခဲ့ရသူတို့  မိသားစုဝင်တွေက တိုင်ကြားလာတာကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းက ရှေ့နေနဲ့ကယ်ဆယ်ရေးအဖွဲ့က အဆိုပါစခန်းကို သွားရောက်စစ်ဆေး ကြည့်ရှုခဲ့ကြောင်း၊ စခန်းတာဝန်ခံတွေက တံခါးဖွင့်မပေးလို့ အုတ်နံရံအပေါက်ကနေ ချောင်းကြည့်မှာ အထဲမှာကယ်ပါယူပါတစာစာအော်သံတွေ ထွက်ပေါ်လာပါတယ်။ 

စခန်းတာဝန်ခံတွေက ချေချေငံငံမရှိတာကြောင့် ကယ်ဆယ်သူတွေက ခရိုင်ဝန်ဆီတိုက်ရိုက် ဖုန်းဆက်တိုက်ကြားလိုက်ပါတယ်။ ခရိုင်ဝန်လည်း ချက်ချင်းရောက်လာပြီး ကလေးတွေ ကိုနှစ်သိမ့်အားပေးကာ အဲဒီနေ့မှာဘဲ သူတို့အားလုံးကို စစ်တပ်ထဲမှာ ယာယီအနေနဲ့ စနစ်တကျ နေရာချထားပေးလိုက်ပါတယ်၊ အဲဒီနောက် စခန်းကို ချိတ်ပိတ်လိုက်ပြီး သက်ဆိုင်ရာ မိသားစုဝင် တွေ မိမိလူမိမိပြန်ခေါ်ဖို့၊ လာခေါ်မယ့်ဆွေမျိုးမရှိသူတွေကိုတော့ အစိုးရကယ်ဆယ်ရေးစခန်း တွေမှာ ထားရှိဖို့ စီစဉ်ပေးခဲ့ပါတယ်။ 

ခရိုင်ဝန်က စခန်းတာဝန်ခံတွေနဲ့ တွေ့ဆုံမေးမြန်းရာမှာ ညှဉ်းပန်းနှိပ်စက်မှုမရှိကြောင်း ငြင်းဆိုခဲ့ပါတယ်၊ တာဝန်ရှိသူတွေ စစ်ဆေးချက်အရ  အဲဒီလူတွေကို လွဲ့အစ်နဲ့ ကားလားဆင် ခရိုင်မှ ရဲတပ်ဖွဲ့ဝင်အချို့ ခေါ်ဆောင်လာတာဖြစ်ပြီး မူးယစ်ဆေးဖြတ်လိုသူတွေ လာနေချင်အောင် ဆွဲဆောင်ပြောဆိုခဲ့ကြောင်း၊ မူးယစ်ဆေးမစွဲပေမယ့် အရပ်ထဲမှာ ရန်ဖြစ်စကားများမှု၊ အရက်သောက်မှုအပြင် တခြားအမှုတွေနဲ့ အဖမ်းခံရပြီး ရဲမှတ်တမ်းမှာစာရင်းမဝင်ချင်ရင် အဆိုပါ နေရာမှာ လာထားကာ ငွေနဲ့ညှိနှိုင်းပြီး ပြန်လွတ်ပေးတာတွေရှိနေတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် ရှေ့နေ ဖိုင်းဆန်ရိုင်းရစ် ၊ အကူအညီပေးသူ မော်ပါနဲ့ ခံခဲ့ရတဲ့ မိသားစုဝင်တွေ စုပေါင်းပြီး မနေ့က ထိုင်းအမျိုးသားမှုခင်းရဲတပ်ဖွဲ့သို့ သွားရောက်ကာ ပါဝင်ပတ်သက်သူတွေကို စစ်ဆေးအရေးယူပေးဖို့၊ လူလာပို့တဲ့ရဲတွေဟာ လူကုန်ကူးမှုနဲ့ အကျုံးဝင်တဲ့အတွက် လူကုန်ကူးမှုနဲ့ ထိထိရောက်ရောက် အရေးယူပေးဖို့ အမှုဖွင့် တိုင်ကြားထားတာဖြစ်ပါတယ်။ 

ကိုးကား - Amarin / Channel 3 ထိုင်းတီဗွီသတင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024