မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်မှာ လူငယ် ၈ ယောက်ကို စက်တင်ဘာ ၂၂ ရက် ည ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်သားတွေ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ် ၈ ယောက်ထဲက ၂ ယောက်ကိုတော့ မနက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပြီး ၆ ယောက်ကတော့ ဆက်လက်ထိမ်းသိမ်းထားရဆဲလို့ ရပ်ကွက်နေပြည်သူ တချို့က ပြောပါတယ်။
“မနေ့က ရပ်ကွက်ထဲက လူငယ်တချို့နဲ့ မဟာလူမှုကူညီရေးအသင်းက လူတချို့ စကားများရန်ဖြစ်တယ်။ ရပ်ကွက်ထဲက လူငယ်တချို့လည်း လူမှုကူညီရေးအသင်းရုံးဘက်သွားပြီး ပြဿနာရှာတာတွေရှိတယ်။ အဲ့ဒီကနေ စစ်သားတွေ ရဲတွေရောက်လာပြီး လူငယ်တွေကို ဖမ်းသွားတာ။” လို့ ရပ်ကွက်နေပြည်သူတစ်ဦး က ပြောပါတယ်။
ဒါ့အပြင် ရပ်ကွက်ထဲက လူငယ်တချို့ကိုလည်း ထပ်မံဖမ်းဆီးဖို့ရှိတယ်ဆိုတဲ့ သတင်းကြောင့် ထွက်ပြေးရှောင်တိမ်းကြသူတွေရှိတယ်လို့ သိရပါတယ်။
“တချို့ကလည်း စစ်ကောင်စီတပ်က လူတွေကို မဟာလူမှုကူညီရေးအသင်းက ခေါ်ပြီး ဖမ်းခိုင်းတယ်လို့ပြောတယ်။ မဟာလူမှုကူညီရေးအသင်း ဘက်ကလည်း ရပ်ကွက်နေလူငယ်တချို့က လက်လုပ်ဗုံးနဲ့ ပစ်လို့ ရောက်လာတယ်လို့ ပြောတယ်။ လက်လုပ်ဗုံးနဲ့ ပစ်တာတော့ မကြားမိဘူး။ ဗုံးအစအနလည်း မတွေ့ဘူး။” လို့ ရပ်ကွက်နေပြည်သူတစ်ဦး က ဆက်လက် ပြောပါတယ်။
မဟာလူမှုကူညီရေးအသင်းဟာ အများပြည်သူကို ကူညီပေးနေတဲ့ အသင်းတစ်ခုဖြစ်ပြီး မနေ့ညက ဖြစ်စဉ်ကြောင့် အသင်းသားတချို့နဲ့ အသင်းပိုင်ကား ထိခိုက်ပျက်စီးတာ ရှိတယ်လို့ အသင်းလူမှုစာမျက်နှာမှာ ဖော်ပြထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကိုင် ရဲနဲ့ စစ်သားတွေကတော့ စိန်ပန်းရပ်မှာ နေ့ရော ညပါ အိမ်စီးကား၊ အရပ်ဝတ်တွေနဲ့ လှည့်ပတ်နေကြပါတယ်။