Home
မြန်မာသတင်း
ပစ်သတ်ခံရသည့် NLD ထောက်ခံသူ မိသားစုဝင် ၅ ဦးအပါအဝင် ကျဆုံးပြည်သူ ၁၁၂၀ ဦးရှိလာ
DVB
·
September 23, 2021

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၇ လခွဲကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၁၂၀ ထိ ရှိလာပြီလို့ နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၂၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၈၃၅၁ ယောက် ဖမ်းဆီးခံခဲ့ရကာ ၆၆၉၈ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက အယောက် ၂၈၀ ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၈၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် ဦးကျော်မင်းဦးဟာ စက်တင်ဘာ ၁၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီးနောက် စစ်ကြောရေးမှာ ကျဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။ စက်တင်ဘာ ၁၈ ရက်နေ့မှာ ဦးကျော်မင်းဦး ကျဆုံးသွားတဲ့အကြောင်းကို မိသားစုကို အကြောင်းကြားလာပြီး သူ့ရဲ့ ရုပ်အလောင်းကိုလည်း အကြမ်းဖက်စစ်အုပ်စုက ပြန်လည်ပေးအပ်ခြင်းမရှိကြောင်း သိရှိရပါတယ်။

စက်တင်ဘာ ၂၀ ရက်၊ ည ၁၂ နာရီဝန်းကျင်က မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ လျှော်ဖြူ(အလယ်)ကျေးရွာကို စစ်သားတွေက သေနတ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်ကာ စီးနင်းဝင်ရောက်ခဲ့ကြပါတယ်။ အဲဒီလို ပစ်ခတ်နေချိန်အတွင်း NLD ပါတီကို ထောက်ခံတဲ့ နေအိမ်ကို ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၁ နှစ်ခွဲအရွယ် ကလေး ၁ ယောက်အပါအဝင် မိသားစုဝင် ၅ ယောက်ကို ကျည်ထိမှန်ခဲ့ပြီး ၄ ယောက်ကတော့ နေရာတင် ကျဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။ အသက် ၁ နှစ်ခွဲအရွယ်ကလေးမှာလည်း ပေါင်ကို ကျည်ထိမှန်ဒဏ်ရာနဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးအရောက်မှာ ကျဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ 

ကျဆုံးသွားသူတွေကတော့ မိသားစုဝင်တွေဖြစ်ကြတဲ့ အသက် ၇၆ နှစ်အရွယ် ဦးဘိုခင်၊ အသက် ၇၅ နှစ်အရွယ် ဒေါ်သန်း၊ အသက် ၅၀ ဝန်းကျင် ဦးမောင်ထွန်း၊ အသက် ၃၀ အ ရွယ် ဒေါ်မော်ဌေးနဲ့ အသက် ၁ နှစ်ခွဲအရွယ် မောင်ဇွဲထက်မော်တို့ ဖြစ်ကြပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင်နေကာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီအီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အကြောင်းကြားဖို့ အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024