မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက် ၄၅ လမ်းနဲ့ ၄၆ လမ်းကြား၊ ၁၀၇ လမ်း နဲ့ ၁၀၈ လမ်းကြားမှာ ဧည့်စာရင်းစစ်ရင်း လူငယ် ၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
စက်တင်ဘာ ၂၁ ရက် ညပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်သားတွေနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ဧည့်စာရင်းစစ်ခဲ့ပြီး နေအိမ်တစ်အိမ်မှာ ကာကွယ်ရေး ပစ္စည်းတချို့ တွေ့တာကြောင့် အိမ်ရှိလူငယ်ကို ဖမ်းခေါ်သွားတာလို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
“ညက ရပ်ကွက်ထဲ ဧည့်စာရင်းစစ်တယ်။ ဧည့်စာရင်း စစ်ရင်း အရင် ဆန္ဒပြတဲ့ အချိန်တုန်းက သုံးခဲ့တဲ့ Vest တွေ တွေ့လို့ ဖမ်းသွားတာလို့ ပြောတယ်။ အခုထိ ဖမ်းထားကြတုန်းပဲ။ နောက်တစ်ယောက်ကတော့ ဧည့်စာရင်းမတိုင်လို့ ဖမ်းသွားတာ”။
မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း ညပိုင်းတွေမှာ စစ်ကောင်စီတပ်သားတွေဟာ နေအိမ်တွေ တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်ဆေးတာတွေ၊ ဧည့်စာရင်းစစ်တာတွေ လုပ်နေကြပါတယ်။