Home
မြန်မာသတင်း
မြန်မာလုပ်သားများ ထိုင်းသို့ MOU စနစ်ဖြင့် ပြန်လွှတ်ရန် အဆင်သင့်မရှိသေး
DVB
·
September 20, 2021

ထိုင်းနိုင်ငံက MOU စနစ်နဲ့ နိုင်ငံခြားသားလုပ်သားတွေကို ပြန်လည်ခေါ်ယူမယ်လို့ ထုတ်ပြန်ထားပေမယ့် မြန်မာနိုင်ငံဘက်က  အလုပ်သမားစေလွှတ်ရေးအဆင်သင့်ရှိ မနေသေးဘူးလို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တချို့က ပြောပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီက ပြည်ပသို့အလုပ်သမားစေလွှတ်ရေးနဲ့ ပတ်သက်ကြီး ဘာညွှန်ကြားချက်မှ ထုတ်ပြန်ထားခြင်းမရှိသေးလို့ မြန်မာအလုပ်သမားတွေထံ စေလွှတ်ဖို့ လမ်းစမမြင်သေးဘူးလို့ လည်း ဆိုပါတယ်။

“နယ်တွေက သွားလာမှု ကန့်သတ်ထားတာတွေ၊ မတည်ငြိမ်တာတွေ ဖြစ်နေတော့ လွှတ်ဖို့က မလွယ်ဘူး။ လုံခြုံရေးအကြောင်းပြချက်တွေရှိနေတော့ မဖြစ်နိုင်သေးဘူးလို့” ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ 

ထိုင်းနိုင်ငံက မကြာခင် MOU စနစ်နဲ့ နိုင်ငံခြားသားအလုပ်သမား ၄ သိန်းလောက်ခေါ်ယူဖို့ ပြင်ဆင်နေတာပါ။ လာရောက်လုပ်ကိုင်မယ့်အလုပ်သမားတွေဟာ ကိုဗစ်ကာကွယ်ဆေးထိုးထားသူ ဖြစ်ဖို့ လိုအပ်ပြီး ဆေးထိုးစရိတ်ကိုအလုပ်ရှင်ကကျခံရမယ်လို့ ထိုင်းလုပ်သမားရေးရာဌာနက ထုတ်ပြန်ထားပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါ စတင်တွေ့ရှိတဲ့ ၂၀၂၀ မတ်လကစလို့ ပြည်ပအလုပ်သမားစေလွှတ်မှု ရပ်နားခဲ့ပါတယ်။ 

ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်ဖို့ပြင်ဆင်ထားတဲ့ အလုပ်သမားဦးရေသိန်းနဲ့ချီရှိနေပြီး ဒီနေ့အချိန်အထိ သွားရောက်ခွင့်ရဖို့စောင့်ဆိုင်းနေကြရပါတယ်။ ဒါပေမဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော် ပြီး ထိုင်းနိုင်ငံကို သွားရောက်သူတွေလည်း အများအပြားရှိနေပြီး ဖမ်းဆီးခံရတာတွေလည်း မကြာခဏရှိနေပါတယ်။ 

ထိုင်းနိုင်ငံဟာ မြန်မာအလုပ်သမားအများဆုံး သွားရောက်လုပ်ကိုင်တဲ့ နိုင်ငံတခုဖြစ်ပြီး အလုပ်စေလွှတ်မှု မရပ်ဆိုင်းခင်က တစ်လမှာ MOU စနစ်နဲ့ တရားဝင်သွားရောက်လုပ်ကိုင်သူ ဦးရေ နှစ်သောင်းလောက် ရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024