အာဏာသိမ်းစစ်ကောင်စီ အန်စီအေစာချုပ် ချိုးဖောက်နေ

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ တပ်မတော်ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (အန်စီအေ)ပါ အချက်တချို့ကို ချိုးဖောက်နေတယ်လို့  လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေက ပြောပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)တပ်ဖွဲ့က အရာရှိတစ်ဦးက  “အန်စီအေစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ EAO တပ်တွေအနေနဲ့ လက်နက်မပါဘဲ လွတ်လပ်စွာသွားလာခွင့်ရှိတယ်ဆိုတဲ့ အချက်ရှိတယ်။ ဒါပေမဲ့ စစ်တပ်က ကျနော်တို့ တပ်သားတချို့ကို ဖမ်းဆီးတာတွေရှိနေတယ်။ သူတို့ဖမ်းထားတဲ့ ကျနော်တို့တပ်သားတွေမှာ ဘာလက်နက်မှမပါဘူး။ သူတို့က ကျနော်တို့ တပ်သား ၂ ဦးကိုအရေးယူချင်တော့ စီးလာတဲ့ ဆိုင်ကယ်ဟာ လိုင်စင်မရှိလို့ဆိုပြီးဖမ်းထားတယ်” လို့ ပြောပါတယ်။

RCSS/SSA တပ်ဖွဲ့ဝင် နှစ်ဦးဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အဝင်မှာ ဩဂုတ် ၃၀ ရက်က ဖမ်းဆီးခံရတာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ အရာရှိတစ်ဦးက တရားလိုပြုလုပ်ကာ ပို့ကုန်/သွင်းကုန်ပုဒ်မ-(၈)နဲ့ တရားစွဲဆိုထားပါတယ်။

“ခမရ ၅၀၁ တပ်ရင်းက ဗိုလ်ကြီးအဆင့်ရှိတဲ့ အရာရှိတစ်ဦးက တရားလိုလုပ်ပြီး ကျောက်မဲတရားရုံးမှာ တရားစွဲထားပါတယ်” ဖမ်းဆီးခံရတဲ့ RCSS တပ်သားနဲ့ နီးစပ်သူက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဟာ အန်စီအေစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) ထားဝယ်မြို့နယ်ဥက္ကဋ္ဌနဲ့ KNU ရဲတပ်ဖွဲ့ဝင် တစ်ဦးကို  ဖမ်းဆီးခဲ့တဲ့ဖြစ်စဥ်တွေရှိခဲ့ပါတယ်။

အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ (NCA- S EAO)စုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)ဟာ အန်စီအေရဲ့ အနှစ်သာရဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံရေးရည်မှန်းချက် ၇ ချက်မှာ ရေရှည်တည်ငြိမ် ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုတည်ထောင်မယ်လို့ စက်တင်ဘာ ၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up