မိုးရွာသွန်းမှုများသဖြင့် ပုဂံ စူဠာမဏိ အပါအဝင် ရှေးဟောင်းဘုရားအချို့ ရေဝင်နေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ စူဠာမဏိဘုရားအပါအဝင် ဘုရားတစ်ချို့မှာ စက်တင်ဘာ ၁၈ ရက်က ရေဝင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

“ခုရက်ပိုင်းအတွင်း မိုးရက်ဆက်ရွာတော့ စူဠာမဏိဘုရား အပါအဝင် ဘုရားတချို့ ရေဝင်နေတယ်။ မိုးရေကြောင့် လမ်းရေကျော်တာတွေ ဘုရားတချို့ ပြိုကျတာတွေလည်း ဖြစ်ခဲ့တယ်” လို့ ပုဂံဒေသခံတဦးက ပြောပါတယ်။

ရေဝင်နေတဲ့ စူဠာမဏိဘုရားမှာ ဒေသခံတွေ၊ ပုဂံချစ်သူတွေ၊ ဒေသအာဏာပိုင်တွေနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ဒီနေ့မနက်ပိုင်းကစတင်ကာ ရေစုပ်စက် ၆ လုံးနဲ့ စုပ်ထုတ်နေတယ်လို့ ဆိုပါတယ်။

ပုဂံဒေသခံက “ခေတ်အဆက်ဆက် စနစ်တကျ မပြုပြင်ခဲ့ကြတာ ကြိုတင်ပြင်ဆင်တာတွေ မလုပ်ခဲ့ကြလို့ အခုလိုတွေ ဖြစ်ကုန်တာ။ ပုဂံဒေသက အရင်က မိုးနည်းခဲ့တော့ ပြဿနာမရှိပေမဲ့ ဒီနှစ် မိုးဆက်တိုက်ရွာတော့ ရေဝင်တာတွေ ဘုရားပြိုတာတွေ ဖြစ်ကုန်တာ” လို့ ပြောပါတယ်။

စူဠာမဏိဘုရားအတွင်း ရေဝင်ဧရိယာများပြားတာကြောင့် ရေစုပ်ထုတ်တာ အနည်းဆုံး သုံးရက်လောက် ကြာနိုင်ပြီး လက်ရှိမှာတော့ ရေဝင်ရေထွက် ကောင်းမွန်အောင် လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အုတ်တိုက်အမှတ် (၁၉၆၉) ပိဋကတ်တိုက်ဟာလည်း မနေ့က မိုးသည်းထန်စွာရွာသွန်းခဲ့လို့ ခေါင်မိုးချပ်တွေ ကွာကျပျက်စီးသွားတယ်လို့ ရှေးဟောင်းသုတေသနဲ့ အမျိုးသသားပြတိုက်ဦးစီးဌာနကနေ သိရပါတယ်။ 

Photo - Ko Lu Hla

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up