Home
ဆောင်းပါး
မြန်မာ့အရေး ရှုပ်ရှုပ်ထွေးထွေး သံခင်းတမန်ခင်း
DVB
·
September 18, 2021

စက်တင်ဘာကို စဖွင့်လိုက်သည်နှင့် မြန်မာ့အရေး နိုင်ငံတကာသံတမန်လှုပ်ရှားမှုများက မှန်းဆရ ခက်သောခြေလှမ်းများဖြင့် ရွေ့လာခဲ့သည်။ အထူးသဖြင့် အာဏာသိမ်းစစ်ကောင်စီကို အာဏာသိမ်းပြီး မကြာမီ ထိတွေ့ဆက်ဆံခဲ့ပြီး ကုလသမဂ္ဂကဲ့သို့သော နိုင်ငံတကာစင်မြင့်ထက်တွင် အကာအကွယ်ပေးခဲ့သော တရုတ်၏အရွေ့ဖြစ်သည်။

သြဂုတ်၂၁ ရက်မှ ၂၈ ရက်နေ့အထိ  နေပြည်တော်သို့ လူမသိသူမသိရောက်ရှိလာသော တရုတ် အထူးသံတမန် မစ္စတာဆွန်ကော့ရှန်၏ ခရီးစဉ်သည် အရွေ့တစ်ခုဖြစ်လာခဲ့ပုံရသည်။ တရုတ်အထူးသံရောက်ရှိ လာခြင်းနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ပြန်မှု မရှိခြင်းနှင့် တရုတ်အစိုးရက သတင်းထုတ်ပြန်ခဲ့ခြင်းသည် တရုတ်အစိုးရနှင့် စစ်ကောင်စီကြား အဟတစ်ခုရှိနေပြီဖြစ်ကြောင်း သက်သေဖြစ်သည်။

ထို့ပြင်တရုတ်အထူးသံ၏ ခရီးစဉ်တစ်ပတ်တာကြာခဲ့ခြင်းသည် ညှိနှိုင်းမှုများအကြိမ်ကြိမ်လုပ်ခဲ့ ကြောင်း ဖော်ပြနေသလို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုမှု ကိုစစ်ကောင်စီက ပယ်ချခဲ့သည်ဟု သတင်းများကဆိုသည်။

ယင်းသတင်းမှန်ကန်ကြောင်း အတည်မပြုနိုင်သေးသော်လည်း တရုတ်ကွန်မြူနစ်ပါတီ၏ နှစ်၁၀၀ ပြည့်အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့မှုအပေါ် တရုတ်ကွန်မြူနစ်ပါတီက ကျေးဇူးတင်ရှိကြောင်း စာပြန်ခြင်း၊ စက်တင်ဘာ ၉ ရက်နေ့၊ တရုတ်ကွန်မြူနစ်ပါတီနှင့် အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံများမှ နိုင်ငံရေးပါတီများ အွန်လိုင်းတွေ့ဆုံပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ဖိတ်ကြား တက်ရောက်စေခြင်းက တရုတ်နှင့် စစ်ကောင်စီကြားအဟနှင့် တရုတ်၏အရွေ့ကို ဖော်ပြနေပေ သည်။

တရုတ်အထူးသံ၏ ခရီးစဉ်အပြီး တရုတ်နှင့် စစ်ကောင်စီကြားအဟ မည်မျှဖြစ်ပေါ်ခဲ့သလဲဆိုသည်ကို မပြောနိုင်သော်လည်း စစ်ကောင်စီဘက်ခြေစုံရပ်နေသောတရုတ်သည် သူ့ခြေတစ်ဖက်ကို ပြန်မြှောက်လာပြီ ဖြစ်ကြောင်းပေါ်လွင်လာခဲ့သည်။ သြဂုတ် ၁၂ ရက်နေ့၊  စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဝဏ္ဏမောင်လွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်တို့ အွန်လိုင်းတွေ့ဆုံပွဲတွင် တရုတ်သံအမတ်ကြီးက မြန်မာအစိုးရဟု စတင်ခေါ်ဝေါ်သုံးစွဲ သည်အထိ အတင့်ရဲခဲ့သော တရုတ်ပေါ်လစီအပေါ် ဟိုဘက်ဒီဘက်ပြန်လည် ထိန်းညှိဟန်အစပျိုးပုံရသည်။

ယင်းမှာ စစ်ကောင်စီက ၎င်းတို့လမ်းကြောင်းကို အတိမ်းအစောင်းခံကာ တရုတ်တောင်းဆိုသမျှ လိုက်မလုပ်နိုင်ကြောင်း တရုတ်အထူးသံ၏ခရီးစဉ်တွင် ဖော်ပြခဲ့ခြင်း၏ နောက်ဆက်တွဲ ရလဒ်ဖြစ်နိုင်သလို တရုတ်မုန်းတီးရေးအမြင်သည်းထန်လာပြီဖြစ်သော မြန်မာပြည်သူတို့၏ စိတ်ကို တရုတ်ဘက်က သိရှိ ဘရိတ်ဆွဲလိုက်ခြင်းလည်းဖြစ်သည်။

တရုတ်မြှောက်လိုက်သော ခြေတစ်ဖက်သည် မြန်မာ့အရေးအတွက် အထောက်အပံ့တစ်ခုဖြစ်လာ သော်လည်း ထိုခြေတစ်ဖက်သည် လေထဲတွင်သာရှိသေးသော ခြေတစ်ဖက်ဖြစ်သည်။ ဆိုလိုတာက စစ်ကောင်စီသည် ၎င်းဖြစ်ချင်သည့်အခြေအနေသို့ရောက်အောင် ပြည်သူကို သတ်ဖြတ်ဖမ်းဆီးခြင်းနည်းဖြင့် ခပ်ကြမ်းကြမ်းရွေ့အောင်ကြံဆောင်သမျှသည် မြန်မာပြည်သူတို့ အနာတရကြီးရပြီး နိုင်ငံတကာကလည်းမည်သို့မျှ လက်မခံသလို အလုပ်မဖြစ်နိုင်မှန်း လည်းသိသဖြင့် နှစ်ဖက်ခွပေါ်လစီကျင့်ရန် တရုတ်က လမ်းခင်းလိုက်ခြင်းသာဖြစ်သည်။

တကယ်တော့ စစ်ကောင်စီသွားနေသော စစ်အာဏာရှင်အလိုကျ ဒီမိုကရေစီအရေခြုံလမ်းသည် တရုတ်အကျိုးစီးပွားအတွက် မြိုးမြိုးမြက်မြက်အလုပ်ဖြစ်မည့်လမ်းဖြစ်သော်လည်း မြန်မာပြည်သူတို့ လုံးဝလက်မခံသောလမ်းဖြစ်ပြီး အလုပ်ဖြစ်ရန်မလွယ်သောလမ်းဖြစ်သည်။ အကယ်၍ ထိုလမ်းကို စစ်ကောင်စီရောက်အောင်လျှောက်နိုင်သည့်တိုင် တရုတ်က မြန်မာမြေပေါ် အခြေတကျဖြစ်နေပြီဖြစ်သော များစွာသော တရုတ်အကျိုးစီးပွားနှင့် အနာဂတ်တွင်မျှော်လင့်နိုင်စရာ အကျိုးစီးပွားများ အတိဒုက္ခ ရောက်နိုင်သည်အထိ တည်ငြိမ်မှုကင်းမဲ့နိုင်ကြောင်း တရုတ်ကောင်းကောင်းသဘောပေါက်လာ ပုံရသည်။ 

ထို့ကြောင့် ဒီမိုကရေစီအရေခြုံရန်လမ်းတွင် အဟန့်အတားကြီးနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အား လုံးဝဖျက်သိမ်းရန် စစ်ကောင်စီ အကြံကြီးနေမှုအပေါ် တရုတ်လက်မခံကြောင်းပြသရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကြည့်ကောင်းရုံဆက်ဆံပြလိုက်ခြင်းဖြစ်သည်။

သို့သော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များဖြင့်စုဖွဲ့ထားသော CRPH၊ ထိုမှတစ်ဆင့် ဖြစ်ပေါ်လာသော အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဆက်ဆံရေးကိုမူ တရုတ်အစိုးရက လက်မခံသေးပေ။ တရုတ်တင်မက ကြားဝင်ညှိပေးမည်ဆိုသော အာဆီယံပင်လျှင် အမျိုးသားညီညွတ်ရေး အစိုးရနှင့် တရားဝင်အဆက်အဆံမရှိသေးပေ။ အမျိုးသားညီညွတ်ရေးအစိုးရနှင့်မဆက်ဆံခြင်းတစ်ကြောင်းတွင် စစ်ကောင်စီအငြိုငြင်မခံလို ခြင်းလည်းဖြစ်နိုင်ပါသည်။

ပြောရလျှင်  အမျိုးသားညီညွတ်ရေးအစိုးရနှင့်မဆက်ဆံခြင်းနည်းဖြင့် စစ်ကောင်စီနှင့် ပိုနီးကြောင်း တရုတ်က သူ့ရပ်တည်ချက်ကို ထုတ်ပြခဲ့ခြင်းဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရကို အနောက်အုပ်စုနှင့် အရှေ့တိုင်းဒီမိုကရေစီနိုင်ငံများက ထောက်ခံအားပေးနေခြင်းနှင့်နီးကပ်သော ဆက်ဆံရေးရှိခြင်း၊ ဒီမိုကရေစီ တော်လှန်ရေး၏ နောက်ထပ်လမ်းကြောင်းတစ်ခုအဖြစ် ခုခံတော်လှန်စစ်ကို ရွေးချယ်ခြင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရသည် အွန်လိုင်းပ လက်ဖောင်းပေါ်တွင်သာတည်ရှိသောအစိုးရအဖြစ်သာ ရှုမြင်နေသေးခြင်းအရ အရေးတယူမဆက်ဆံခြင်းလည်းဖြစ်နိုင်သည်။

တရုတ်ကမြန်မာ့အရေးကို အနောက်အုပ်စုလက်မပါသောပုံစံနှင့် ၎င်းကိုယ်တိုင်လည်း တိုက်ရိုက် ဝင်မပါသောလမ်းကြောင်းဖြင့်ဖြေရှင်းလိုသည်။ ထို့ကြောင့် မြန်မာ့အရေးကို အာဆီယံ လမ်းကြောင်းဖြင့် ဖြေရှင်းရန် တရုတ်လုံ့လစိုက်ခဲ့သည်။ ထို့ကြောင့်အာဆီယံ ဘုံသဘောတူညီချက်၅ ရပ်ထွက်ပေါ်လာခြင်းကိုလည်း ထောက်ခံ၊ အာဆီယံအထူးသံခန့်အပ်ခြင်းကိုလည်း ထောက်ခံ၊ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီ များပေးနိုင်ရန် မြန်မာဘက်အသီးသီးတို့ ၄ လအပစ်ရပ်ရန်အာဆီယံအထူးသံ၏ တောင်းဆိုမှုကိုလည်း ထောက်ခံခဲ့သည်။ သို့သော်၊မြန်မာ့အရေး အာဆီယံအစီအစဉ်အားလုံးသည် လက်တွေ့အလုပ်ဖြစ်နိုင်မှန်းလည်း တရုတ်တို့ သဘောပေါက်လာခဲ့သည်။

ထို့ကြောင့် နောက်တစ်နည်းတရုတ်ကြံဆလာပုံရသည်။ ယင်းမှာ မြန်မာ့အရေးကို အမေရိကန်နှင့် တရုတ်တိုက်ရိုက်ဆွေးနွေးကာ ဘုံသဘောတူချက်ရှာဖွေခြင်းဖြစ်သည်။ ယခု ကုလညီလာခံမတိုင်မီ အမေရိကန်အခြေစိုက် နိုင်ငံခြားရေးရာမူဝါဒစာစောင် Foreign Policy ၌ မြန်မာ့အရေး အမေရိ ကန်နှင့်တရုတ် အချိန်ယူဆွေးနွေးသဘောတူညီခဲ့သည်ဟုဖော်ပြခဲ့သည်။

ကုလညီလာခံသို့ အာဏာသိမ်းစစ်ကောင်စီကိုယ်စားလှယ်ကိုအတက်မခံ၊ လက်ရှိကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ နိုဝင်ဘာလအထိ ဆက်ထားမည်။ နိုဝင်ဘာကျမှ အမျိုးသားညီညွတ်ရေးအစိုးရနှင့် စစ်ကောင်စီ ကိုယ်စားလှယ် မည်သူ့ကိုရွေးချယ်မလဲကိစ္စ ဆုံးဖြတ်မည်ဟု အမေရိကန်-တရုတ် သဘောတူညီမှုရခဲ့ကြောင်း Foreign Policy ကဖော်ပြသည်။ ယင်းဖော်ပြချက်သာမှန်ကန်သည်ဆိုပါက ကိုယ်စားလှယ်ရွေးချယ်ရေးကိစ္စ နိုဝင်ဘာအထိ ရွှေ့ဆိုင်းလိုက်ခြင်းမှာ စစ်ကောင်စီဘာလုပ်မလဲဟု အချိန်ပေးလိုက် ခြင်းဖြစ်နိုင်သည်။ ထို့ပြင် မြန်မာ့အရေး အမေရိကန်-တရုတ် ပထမအကြိမ်ဆွေးနွေးမှု အောင်မြင်ခဲ့ခြင်းအရ  နောက်ထပ်ဆွေးနွေးအဖြေရှာမှုများလည်း ဖြစ်လာနိုင်သည်။

မြန်မာ့အရေးနှင့်ပတ်သက်ပြီး လက်ရှိအချိန်ထိ တရုတ်တင်မက အမေရိကန်ကပါ တရားဝင်ပြော ကြားနေမှုမှာ တွေ့ဆုံဆွေးနွေးအဖြေရှာရေး (သို့မဟုတ်) စစ်ရှောင်လမ်းဖြစ်သည်။ တရုတ်က မြန်မာမြေပေါ်တွင်၎င်းတို့ အကျိုးစီးပွားများစွာရှိနေခြင်းနှင့် တရုတ်သည် အိမ်နီးချင်းနိုင်ငံဖြစ်သောကြောင့် လက်နက်ကိုင်ပဋိပက္ခများ ကျယ်ပြန့်စွာ တာရှည်လာပါက  ၎င်းတို့အပေါ်ပင် အဆိုးသက်ရောက်မှုကြီးလာနိုင်ခြင်းတို့ကြောင့် စစ်ရှောင်လမ်းပေါ် ခပ်ပြတ်ပြတ်ရပ်ခံခြင်းဖြစ်သည်။ ထို့ပြင်တရုတ်တို့သွားလိုသည့် တွေ့ဆုံဆွေးနွေး အဖြေ ရှာခြင်းသည် အလွန်ဆုံးအဆင့် အာဏာသိမ်းခြင်းကို ပြန်ရုပ်သိမ်းကာ ၂၀၀၈ အခြေခံဥပဒေအောက် စစ်တစ်ပိုင်း ဒီမိုကရေစီပြန်ဖော်ဆောင်ရေးဖြစ်သည်။

အမေရိကန်ပြောနေသည့်တွေ့ ဆုံဆွေးနွေးအဖြေရှာရေးမှာ စစ်ရေးမဟုတ်သော ဖိအားပေးမှုများဖြင့် စစ်ကောင်စီကို စားပွဲဝိုင်းပေါ်သို့ဆွဲခေါ်ကာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြန်လည် အသိအမှတ်ပြုစေရေးသာဖြစ်၍ တရုတ်နှင့် သိပ်မကွာလှပေ။ သိုသော် ၊တရုတ်နှင့် အကွာကြီးကွာသောကိစ္စမှာ ထင်သလိုသတ်ဖြတ်နေသော စစ်ကောင်စီကို မြန်မာပြည်သူတို့ ခုခံတော်လှန်စစ်ဆင်နွှဲရန် ဆုံးဖြတ်မှုအပေါ် စာနာနားလည်စိတ် ရှိခြင်းဖြစ်သည်။ သို့သော် မြန်မာ့အရေးသည် အမေရိကန်အတွက် တစ်ချိန်က အီရတ်နှင့် အာဖဂန်ကဲ့သို့ အရေးမပါပေ။

အမေရိကန်နှင့်တရုတ် နှစ်နိုင်ငံစလုံး၏ တူညီမှုမှာ တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းသည် အလုပ်ဖြစ်၊ မဖြစ်အာမမခံနိုင်ခြင်း၊ အချိန်အတိုင်းအဆမမှန်းဆနိုင်ခြင်းနှင့် ကြာမြေ့နေချိန်အတွင်း မြန်မာပြည်သူတို့အပေါ် စစ်ကောင်စီထင်ရာစိုင်းသမျှ ကာယကံမြောက် မတားဆီးနိုင်ခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ အင်အားကြီးနိုင်ငံတို့၏ ဘုံရပ်တည်ချက်ကို ထိပ်တိုက်လက်မခံ ပြောင်းလဲပစ်ရန်အကြံသည် လေကိုထိုးနေသော လက်သီးပမာ မိုက်မဲခြင်းဖြင့်သာအချိန်ကုန် အဖတ်တင်ကျန်နေပေလိမ့်မည်။ အင်အားကြီးနိုင်ငံတို့၏အမြင်ကို မိမိ၏ ပစ္စက္ခဘဝနှင့်လိမ္မာပါးနပ်စွာ စပ်ဆက်အသုံးချတတ်ရန်လိုသည်။ မိမိအင်အားကိုကြီးထွားလာအောင် တည်ဆောက်ခြင်းနှင့် လုပ်နိုင်စွမ်းအားကို ထင်သာမြင်သာ ထုတ်ဖော်နိုင်ရန်လည်းလိုပါသည်။ ကျွနုပ်တို့၏  သံခင်းတမန်ခင်းသည် ပျော့ပျောင်းစွာဖြင့် မာကျောတတ်ရန်လိုပေမည်။

လင်းခေတ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024