မွန်ပြည်နယ်တွင် တစ်ရက်တည်း Mytel တာဝါတိုင် ၂ တိုင် ဗုံးခွဲဖျက်ဆီးခံရ

မွန်ပြည်နယ်မှာ စက်တင်ဘာ ၁၇ ရက်နေ့ တစ်ရက်တည်း စစ်တပ်ပိုင်  Mytel တာဝါတိုင် ၂  တိုင် ဗုံးခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက  ဒီဗွီဘီကို ပြောပါတယ်။

ဘီးလင်းမြို့နယ်၊ ကော့ကဒွတ်ကျေးရွာက Mytel တာဝါတိုင်ကို စက်တင်ဘာ ၁၇ ရက် ည ၈ နာရီလောက်က  အမည်မသိ လူတစုက ဗုံးခွဲဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရေးမြို့နယ်၊ ကျောက်မိချောင်းတောင်ပိုင်းကျေးရွာအနီးက Mytel တာဝါတိုင်ကိုလည်း မနေ့ ည ၇ နာရီလောက်မှာ  ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗုံးခွဲဖျက်ဆီးခဲ့ပါတယ်။

ဗုံးခွဲဖျက်ဆီးခံရတဲ့ Mytel တာဝါတိုင် ၂ တိုင်လုံး ပြိုကျပျက်စီးတာ မရှိပေမယ့် မီးစက်နဲ့ ဆက်သွယ်ရေးစက်ပစ္စည်းတွေ ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

Mytel တာဝါတိုင်တွေကို အာဏာသိမ်းစစ်ကောင်စီက လုံခြုံရေးချထားတဲ့ကြားက ဗုံးခွဲဖျက်ဆီး ခံလိုက်ရတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့က ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာက Mytel တာဝါတိုင် ဗုံးခွဲဖောက်ဖျက်ဆီးခံရပါတယ်။ ဒါကြောင့် မွန်ပြည်နယ်အတွင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဗုံးခွဲဖျက်ဆီးခံရတဲ့  Mytel တာဝါတိုင် ၃ တိုင် ရှိသွားပြီ ဖြစ်ပါတယ်။

NUG အစိုးရက ခုခံတွန်းလှန်စစ်ပွဲစတင်ကြေညာတဲ့ စက်တင်ဘာ ၇ ရက်ကစပြီး မြန်မာ တနိုင်ငံလုံးက Mytel ဆက်သွယ်ရေးတာဝါတိုင်ပေါင်း  ၂ဝဝဝ ကျော်ရှိတဲ့ အနက် ဒေသဆိုင်ရာ PDF တွေက  Mytel တိုင်ပေါင်း ၈၀ လောက်ကို ဖျက်ဆီးထားပါတယ်။ 

Mytel ဆက်သွယ်ရေးတာဝါတိုင်တွေဖျက်ဆီးခံရတဲ့အတွက် လူပေါင်း ၇ သိန်းလောက် အင်တာနက် မရကြတော့ဘူးလို့ Mytel ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ပြည်ပမီဒီယာတစ်ခုကို ပြောကြား ထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up