Home
မြန်မာသတင်း
ကမ္ဘာ့ကော်ဖီဈေးကွက်တွင် မြန်မာ့ကော်ဖီ အဆင့်အတန်းရှိရှိ ရပ်တည်နိုင်ရေး ရည်မှန်းရန် စစ်ခေါင်းဆောင်တိုက်တွန်း
DVB
·
September 18, 2021

ကမ္ဘာ့ကော်ဖီဈေးကွက်တွင် မြန်မာ့ကော်ဖီ အဆင့်အတန်းရှိရှိဖြင့် နေရာတစ်ခုတွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေး ရည်မှန်းချက်ထား လုပ်ဆောင်ကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်က တိုက်တွန်းလိုက်ပါတယ်။

စက်တင်ဘာ ၁၇ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာ စည်သာကော်ဖီခြံနဲ့  ပွဲကောက်ကျေးရွာရှိ Creation Myanmar ကော်ဖီခြံတို့အား သွားရောက်လေ့လာကြည့်ရှုပြီး ကော်ဖီစိုက်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောဆိုခဲ့တာပါ။

“ကော်ဖီစိုက်ပျိုးခြင်းလုပ်ငန်းဟာအရင်းအနှီးများပြီး ကာလရှည်လုပ်ငန်း ဖြစ်လို့ အောင်မြင်အောင်လုပ်ဆောင်ရမှာဖြစ်တယ်။ ပြည်တွင်း၊ ပြည်ပ ဈေးကွက်တွေကို အမြဲမပြတ်လေ့လာနေဖို့လိုတယ်၊၊ အထွက်နှုန်းကောင်း မွန်ဖို့၊  Quality Product ဖြစ်ဖို့၊ ဈေးကွက်ရရှိဖို့ လိုအပ်မှာဖြစ်တယ်၊ အနံ့၊ အရသာနဲ့ အရောင် ကောင်းမွန်ရမှာဖြစ်ပြီး ဈေးကွက်လိုအပ်ချက်နဲ့ ဒေသ အလိုက် ကြိုက်နှစ်သက်တဲ့ အမျိုးအစားတွေကို လေ့လာဆန်းစစ် ခွဲခြားဖြန့်ချိဖို့လိုတယ်၊ လုပ်ငန်းတစ်ခုဆောင်ရွက်ရာမှာ သုတေသနနဲ့ ဖွံ့ဖြိုးမှု Research and Development  ရှိရမှာဖြစ်ပြီး သုတေသနလုပ်ငန်းတွေ မဖြစ်မနေလုပ် ဆောင်ဖို့လိုတယ်။” လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။  

ဒါ့အပြင် ပထမအဆင့်အနေနဲ့ ကုန်ကြမ်းတွေ တင်ပို့ရောင်းချပြီး ဒုတိယအဆင့်အနေနဲ့ ကုန်ချောတွေ ထုတ်လုပ်ကာ အရည်အသွေးမြင့်ကုန်ချော ထုတ်ကုန်တွေကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး စဉ်းစားဆောင်ရွက်ဖို့၊  မျိုးကောင်းမျိုးသန့်ရရှိရေး၊ နည်းစနစ်ကျနရေး၊ ဈေးကွက်ရရှိရေးနဲ့ အရင်းအနှီး လိုအပ်ချက်တို့အတွက် နိုင်ငံတော်မှကူညီ ဆောင်ရွက်ပေးမှာဖြစ်လို့ လုပ်ငန်းရှင်တွေအနေနဲ့ အရည်အသွေးမြင့်တဲ့ ကော်ဖီထုတ်ကုန်တွေ ရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြဖို့၊ နောင်မှာ လုပ်ငန်းရှင်တွေ ကိုယ်တိုင်သုတေသနပြု၊ မျိုးကောင်းမျိုးသန့်ထုတ်လုပ်ပြ ဈေးကွက်မြှင့်တင်ရေးဆောင်ရွက်ရမယ်၊ ကမ္ဘာ့ကော်ဖီဈေးကွက်မှာ မြန်မာ့ကော်ဖီ အဆင့်အတန်းရှိရှိနဲ့ နေရာတစ်ခုမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေး ရည်မှန်းချက်ထား လုပ်ဆောင်ရမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကော်ဖီစိုက်ဧက ၃၀၀၀၀ ကျော်ရှိပြီး   Robusta နှင့် Arabica ကော်ဖီမျိုးတို့ကို စိုက်ပျိုးကြကာ ပြင်ဦးလွင်ဒေသမှာ စိုက်ဧက ၁၀၀၀၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။

Photo-DSINFO

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024