Home
မြန်မာသတင်း
သတင်းသမားဟောင်းများကို စစ်ကောင်စီက ခြိမ်းခြောက်ဖမ်းဆီးနေ
DVB
·
September 17, 2021

သတင်းလွတ်လပ်ခွင့်နဲ့ စီးဆင်းမှုကို ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်ကောင်စီက သတင်းသမားဟောင်းတွေကို ခြိမ်းခြောက်ဖမ်းဆီးနေပါတယ်။

အရင်က သတင်းထောက်လုပ်ခဲ့ဖူးတဲ့ ကိုမှူးအိမ်ဇော်၊ မသူဇာ၊ ကိုဝေလင်း၊ မထက်ထက်နဲ့ သတင်းအယ်ဒီတာဟောင်း ကိုမျိုးသန့်တို့ ၅ ယောက်ကို စစ်ကောင်စီက စက်တင်ဘာ ဒုတိယအပတ်ထဲမှာ ဆက်တိုက်ဖမ်းဆီးခဲ့တာပါ။ 

စစ်ကောင်စီက အလုပ်ဆက်လုပ်နေတဲ့ သတင်းထောက်တွေတင်မကဘဲ အလုပ်မလုပ်တော့ဘဲ နားထားတဲ့ သတင်းသမားဟောင်းတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်ဖမ်းဆီးနေတာဖြစ်ပါတယ်။ 

ပြည်တွင်းက သတင်းတွေ စီးဆင်းမှုနှေးကွေးအောင်နဲ့ လွတ်လပ်စွာသတင်းဖော်ပြခွင့်ကို ထိန်းချုပ်ဖို့ စစ်ကောင်စီက ရည်ရွယ်ဖမ်းဆီးနေတာလို့  သတင်းစာဆရာတစ်ယောက်က သုံးသပ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ စက်တင်ဘာလအတွင်း အဖမ်းခံရတဲ့သတင်းသမား ၁၀ယောက်ထက်မနည်းရှိနေတာဖြစ်ပါတယ်။

သတင်းရေးတဲ့သူပဲဖြစ်ဖြစ်၊ သတင်းဓာတ်ပုံ နဲ့ ဗွီဒီယိုရိုက်ကူးတဲ့သူပဲဖြစ်ဖြစ်၊ အလုပ်ဆက်လုပ်နေတာဖြစ်ဖြစ်၊ မလုပ်တော့ဘဲ ရပ်နားထားတာပဲဖြစ်ဖြစ် စစ်ကောင်စီက ဖမ်းချင်သလို ဖမ်းနေတာလို့ ဓာတ်ပုံသတင်းထောက်ဟောင်းတစ်ယောက်က ပြောပါတယ်။ 

ရန်ကုန်မြို့မှာ ညပိုင်းအချိန် ဧည့်စာရင်းအကြောင်းပြပြီး စစ်ကောင်စီက နေအိမ်တွေကို ဝင်ရောက်စစ်ဆေးဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီက ပြည်တွင်းက သတင်းနဲ့အခြေအနေမှန်တွေကို ပြည်သူနဲ့နိုင်ငံတကာက မသိအောင် ဖုံးကွယ်ဖို့ ကြိုးစားနေပေမယ့် ဓာတ်ပုံသတင်းတွေ၊ ဗွီဒီယိုတွေကတော့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဆက်တိုက်ထွက်ပေါ်နေဆဲဖြစ်ပါတယ်။ 

ဒီအခြေအနေဟာ သတင်းသမားတွေရဲ့ လက်ချက်လို့ခန့်မှန်းပြီး သတင်းအလုပ်ဆက်လုပ်တဲ့သူကိုရော၊ မလုပ်တဲ့သူကိုရော စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတာလို့ သတင်းသမားဟောင်းတစ်ဦးက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းခံရတဲ့ သတင်းသမား ၉၀ ကျော်အထိ ရှိလာခဲ့ပြီး ဒီရက်ပိုင်းတွင်းမှာ သတင်းသမားဟောင်းတွေကို လိုက်လံရှာဖွေဖမ်းဆီးတာတွေ ပိုများလာခဲ့ပါတယ်။ 

သြဂုတ် ၁၆ ရက်နေ့တုန်းက ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်နဲ့ သတင်းထောက် မထက်ထက်ခိုင်တို့ကို ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီက တရားစွဲဆိုခဲ့ပါတယ်။ 

အဖမ်းခံရတဲ့သတင်းသမားတွေကို စစ်ကောင်စီက ဘယ်စစ်ကြောရေး၊ ဘယ်အကျဉ်းထောင်ကို ပို့တယ်ဆိုတာ ရှေ့နေတွေက လိုက်လံစုံစမ်းပေမယ့် သတင်းအတိအကျမရတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024