ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သူများအား လက်ခံထားသည့် ပွဲစားဂိုဏ်းဖမ်းမိ

ထိုင်းနိုင်ငံအနောက်ပိုင်း၊ ပရကျူတ်ခီရိခန်ခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာသူတွေ လက်ခံထားတဲ့ ပွဲစားဂိုဏ်းကို ဖမ်းမိကြောင်း ထိုင်းလဝကရဲတပ်ဖွဲ့က စက်တင်ဘာ ၁၅ ရက် နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ပရကျူတ်ခီရီခန်ခရိုင် ပရန်းပူရီမြို့နယ် ဝမ်းကဖုန်းအုပ်စု ရပ်ကွက် ၃ ထဲက အိမ်တစ်အိမ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို တတိယနေရာသို့မပို့ဆောင်မီ လက်ခံထား ရှိ နေကြောင်း သတင်းရထားတဲ့အတွက် တာဝန်ရှိသူတွေက အရပ်ဝတ်နဲ့ အဆိုပါအိမ် အနီးတဝိုက်က နေပြီး စောင့်ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအခါမှာ ထိုင်းစကားမဟုတ်တဲ့ ဘာသာခြားစကားနဲ့ပြောဆိုနေသူတွေ ဝင်ထွက်နေတာတွေ့ရှိပြီး အိမ်ထဲကို ဝင်ရောက်စစ်ဆေးရာမှာ တရားမဝင် ဝင်ရောက်နေထိုင်သူ ကမ္ဘောဒီးယားနိုင်ငံသား ၅ ဦး ( ကျား ၃+ မ  ၂ ) နဲ့ မြန်မာအမျိုးသမီး ၁ ဦးတို့ကို တွေ့ရှိတယ်လို့ ဆိုပါတယ်။

သူတို့တွေဟာ ထိုင်းနိုင်ငံဘန်ကောက်၊ ဖူးကက် နဲ့ စူရတ်ဌာနီခရိုင်တွေမှာ အလုပ်သွားလုပ်ဖို့အတွက် လာခေါ်မယ့်သူကို စောင့်ဆိုင်းဖို့ အသိမိတ်ဆွေ တစ်ယောက်က လာပို့ထားတာဖြစ်ကြောင်း ၊ သူတို့ဟာ မိခင်နိုင်ငံကနေ ထိုင်းမှာအလုပ်လာလုပ်ဖို့ အတွက် ပွဲစားကို ၁ ဦးလျှင် ဘတ် ၁၈၀၀၀ ကျပေးရပြီး သူကတော့  အိမ်မှာလက်ခံထားခ တစ်ဦးလျှင် ဘတ် ၁၅၀၀ စီသာရတယ်လို့ အိမ်ရှင်က ပြောပါတယ်။

ရဲတပ်ဖွဲ့က အိမ်ရှင်ကို တရားမဝင်ဝင်ရောက်လာသူများအား ကာကွယ်ထားမှု၊ ခိုလှုံခွင့်ပေးမှုတွေနဲ့ အရေးယူထားပြီး အဆိုပါနိုင်ငံခြားသား ၆ ဦးကိုလည်း တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ အရေးယူကာ ပြည်နှင်ဒဏ်ပေးသွားမယ်လို့ ပြောပါတယ်။ 

အဲဒီနေ့မှာပဲ ထိုင်းလဝက ရဲတပ်ဖွဲ့က နောက်ထပ်အမှုပေါင်း ၃ မှုကိုပါ သတင်းစာရှင်းပွဲမှာ ထည့်ပြောပါတယ်။ အဆိုပါအမှုတွေမှာ - အလှူအတန်းလုပ်မယ်လို့ ပြောပြီး djporn ဆိုတဲ့အကောင့်ကနေ ပစ္စည်းလိမ်လည်ရောင်းချသူ ထိုင်းအမျိုးသား ၁ ဦးကို ဖမ်းမိတဲ့အမှု၊  အဆိုပါအမှုမှာ အလိမ်ခံရသူ လူ ၁၀၀ ကျော်ရှိပြီး ဆုံးရှုံးမှု ဘတ်ငွေ ၁ သန်းခန့်ရှိတယ်လို့ ဆိုပါတယ်။

နောက်တစ်မှုမှာ  မိမိကိုယ်မိမိဒေသတွင်း အာဏာရှိနိုင်ငံရေးပါတီကလို့ဆိုတဲ့ ထိုင်းအမျိုးသား ၁ ဦးဟာ    ရွှေ့ပြောင်းအလုပ်သမားတွေဆီက ငွေယူပြီး ထိုင်းနိုင်ငံသားကူးပြောင်းပေးမယ်လို့ လိမ်လည်မှု ၊ အဆိုပါအမှုမှာ ရွှေ့ပြောင်းလုပ်သား ၃ ဦးမှ ဘတ်ငွေ ၂ သိန်းကျော် ဆုံးရှုံးခဲ့ပါတယ်။ 

နောက်ထပ်တစ်မှုကတော့ မလေးရှားနိုင်ငံ ကာစီနိုရုံတစ်ခုကနေ ထိုင်းကို တရားမဝင် ဝင်ရောက်လာပြီး ကျန်ထပူရီခရိုင်မှာ အွန်လိုင်းလောင်းကစားလုပ်နေသူ ၂ ဦးနဲ့ အိုဗာ စတေးဖြစ်နေသူ မလေးရှားနိုင်ငံသား ၃ ဦးတို့ကို ဖမ်းဆီးရမိတဲ့ အမှုတွေ ဖြစ်ပါတယ်။ 

ကိုးကား- NAEWNA

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up