ဆီးဂိမ်းရုပ်သံလွှင့် ၀န်ဆောင်မှုကနေ အမေရိကန်ဒေါ်လာ ၁ သန်းခွဲရရန် မျှော်မှန်း
ရွှေအောင်
·
December 19, 2013
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ဆီးဂိမ်းပြိုင်ပွဲ ရုပ်သံလွှင့်လုပ်ငန်း ၀န်ဆောင်မှုတွေကနေ အမေရိကန်ဒေါ်လာ ၁ သန်းခွဲရဖို့ မျှော်မှန်းထားတယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောပါတယ်။
ဆီးဂိမ်းပြိုင်ပွဲဝင်နိုင်ငံတွေ ရုပ်သံထုတ်လွှင့်တဲ့နေရာမှာ ရိုက်ကူးရေးကအစ အပြီးသတ် ထုတ်လုပ်ရေးအထိ ၀န်ဆောင်မှုပေးထားတဲ့ မီဒီယာအခန်း ငှားရမ်းခတွေနဲ့ တခြားရုပ်သံ ရိုက်ကူးရေး ၀န်ဆောင်မှုတွေကနေ ရရှိနိုင်ဖို့ မျှော်မှန်းပြောဆိုတာလို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဦးဝင်းကြည်က ပြောပါတယ်။
“International Broadcasting Center မှာ ပေးတဲ့ Service တွေရှိပါတယ်။ International Broadcasters ကောင်တာလေးတွေရောင်းတယ်။ တခန်းကို ၄ သောင်းခွဲပေါ့။ အားလုံးပေါင်း ကောင်တာ ၂၀ ဆောက်တယ်။ ၁၃ ခန်း ရောင်းရတယ်။ အဲဒါက ၀င်ငွေတခုပေါ့။ နောက်တခါ International Broadcasters တွေက သူတို့ရဲ့ ပြိုင်ပွဲတွေကို သူတို့နိုင်ငံက ကောင်တာ Station တွေကို ပြန်ပို့တာပေါ့။ ပို့တဲ့အခါမှာ ကျနော်တို့က up link ၀န်ဆောင်မှု ပေးတယ်။ အဲဒီအတွက် ၀င်တဲ့ ပိုက်ဆံတွေရှိတယ်။ အဲဒါတွေ အားလုံးပေါင်းရင် အမေရိကန် ဒေါ်လာ ၁ ဒဿမ ၅ သန်း မှန်းထားတယ်။”
ရုပ်သံဝန်ဆောင်မှုလုပ်ငန်းကို ဗီယက်နမ်နိုင်ငံက လာရောက်သတင်းရယူနေတဲ့ ရုပ်သံဌာနတခုကို ဥပမာပေးပြီး အခုလို ရှင်းပြပါတယ်။
“ဗီယက်နမ် တီဗွီက လာတယ်။ သူ့ရဲ့ တီဗွီစတေရှင်ကို ကိုယ်စားပြုပြီး အဖွဲ့တဖွဲ့လာတယ်။ ဒီအဖွဲ့က ကွင်းတွေကို အကုန်လုံး လိုက်မရိုက်ဘူး။ ကွင်းတွေမှာ မြန်မာ့အသံရုပ်မြင်သံကြားကနေ ချထားတဲ့ ကင်မရာအဖွဲ့တွေ ရှိတယ်။ အဲဒီကနေ ရိုက်တဲ့အရုပ်တွေ အားလုံးသည် အိုင်ဘီစီ main control room ကို ရောက်တယ်။ အဲဒီအရုပ်တွေထဲကနေ သူတို့ ကြိုက်တဲ့အရုပ် ၁၀ မျိုးကို ယူခွင့်ရှိတယ်။ လိုက်ဖ်ရိုက်တာ အကုန်လုံး ကျနော်တို့ ပေးထားတယ်။ ရုပ်သံထုတ်လွှင့်တဲ့ လုပ်ငန်း အသေးစား လုပ်နိုင်အောင် ကျနော်တို့က အပြည့်အစုံ ပေးထားတယ်။”
အခုထိ အဲဒီလိုမျိုး ရုပ်သံဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းကနေ အမေရိကန်ဒေါ်လာ ၇ သိန်းခွဲ ရရှိထားပြီး ဖြစ်ပြီး အင်ဒိုနီးရှားမှာ လုပ်သွားတဲ့ ဆီးဂိမ်းထက် လျော့တဲ့ဈေး သတ်မှတ်ပေးထားတယ်လို့လည်း ပြောပါတယ်။
လက်ရှိ ကျင်းပနေတဲ့ မြန်မာ့ဆီးဂိမ်းပြိုင်ပွဲမှာ နိုင်ငံတကာက မီဒီယာသမားပေါင်း ၆၀၀ ကျော် သတင်းရယူနေကြပြီး အာဆီယံဒေသတွင်း နိုင်ငံတွေက ရုပ်သံဌာနတွေလည်း တိုက်ရိုက် ထုတ်လွှင့်နေကြပါတယ်။