အာဖဂန်နစ္စတန်ကို ကူညီရန် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကတိပြု

အာဖဂန်နစ္စတန်နိုင်ငံကို ကူညီဖို့ အလှူရှင်တွေက အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ကို ကတိပြုလိုက်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတားရဲ့စ်က စက်တင်ဘာ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။

တာလီဘန်တွေက အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံခြားအထောက်အပံ့တွေ ခြောက်ခန်းသွားတဲ့အတွက် ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေ ပိုတိုးလာခဲ့ပါတယ်။ အကျပ်အတည်းအတွင်း အာဖဂန်ရဲ့ အလိုအပ်ဆုံးအရာတွေကို ဖြည့်ဆည်းဖို့ အမေရိကန်ဒေါ်လာ ၆၀၆ သန်းကို ကုလသမဂ္ဂက အရေးပေါ် မေတ္တာရပ်ခံထားတာပါ။

ငွေဘယ်လောက်ကို ကတိပြုထားပြီးပြီဆိုတာ ပြောဖို့ မဖြစ်နိုင်သေးဘူးလို့ ဂုတားရဲ့စ်က ပြောပါတယ်။ စစ်ဘေးနဲ့ ဒုက္ခတွေ ဆယ်စုနှစ်ချီ ရင်ဆိုင်အပြီး အာဖဂန်ဟာ အဆိုးဆုံး နာရီတွေကို ရင်ဆိုင်နေရဆဲပဲလို့ ဂုတားရဲ့စ်က ဂျီနီဗာက ကုလသမဂ္ဂ အလှူရှင်များ ညီလာခံ အဖွင့်မိန့်ခွန်းမှာ ပြောပါတယ်။

ကုလက တောင်းဆိုထားတဲ့ အမေရိကန်ဒေါ်လာ ၆၀၆ သန်းရဲ့ သုံးပုံတပုံကို ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်က သုံးမှာ ဖြစ်ပါတယ်။

သြဂုတ်နဲ့ စက်တင်ဘာလတွေမှာ စစ်တပ်ကောက်ထားတဲ့ အာဖဂန် ပြည်သူပေါင်း ၁,၆၀၀ ရဲ့ ၉၃ ရာခိုင်နှုန်းကတော့ စားစရာ လုံလောက်အောင် မရှိဘူးလို့ ပြောထားပါတယ်။

အာဖဂန်နစ္စတန်မှာ ဘဏ်တွေ စဖွင့်နေပြီဖြစ်လို့ ငွေထုတ်ဖို့ တန်းစီနေတဲ့ လူတန်းက အဆုံးမရှိသလောက် ဖြစ်နေတယ်။ 

ပိုအရေးကြီးတာက အစိုးရ လစာကို မှီခိုနေရတဲ့ အရပ်ဘက် ဝန်ထမ်းတွေနဲ့ ရဲတွေ ဘယ်သူမှ ဇူလိုင်လကတည်းက ခုထိ လစာမရသေးဘူးလို့ ရိုက်တာသတင်းက ရေးသား ဖော်ပြထားပါတယ်။

More News
Up