မွန်ပြည်နယ်၊ ရေးမြို့နယ်မှာရှိတဲ့ စစ်တပ်နဲ့ စစ်ခေါင်းဆောင်မိသားစုရဲ့ အဓိက အကျိုးစီးပွားလုပ်ငန်းတခုဖြစ်တဲ့ Mytel ဆက်သွယ်ရေး တာဝါတိုင်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၁၃ ရက်နေ့ ညက စတင်ပြီး လုံခြုံရေးချထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ကောင်စီတပ်တွေ အင်အားအများပြားနဲ့ ရွာကို ညက ရောက်လာတယ်။ Mytel တာဝါတိုင် ဖျက်ဆီးခံရမှာကို စိုးရိမ်ပြီး အခုလို လုံခြုံရေးချထားတဲ့အခါ စိုးရိမ်နေကြတယ်” လို့ နှင်းစုံရွာဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်တွေက မြန်မာနိုင်ငံ နေရာအနှံ့ရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်တွေကို ဗုံးခွဲမီးရှို့ဖျက်ဆီခြင်းခံရတဲ့ အခါ အခုလို စစ်ကောင်စီတပ်တွေက လုံခြုံရေး ပိုပြီး နေရာယူထားလာကြခဲ့တာပါ။
မြန်မာတနိုင်ငံလုံးမှာရှိတဲ့ Mytel တာဝါတိုင် ၂၀၀၀ လောက်ရှိအနက် Mytel တာဝါတိုင်ပေါင်း ၇၀ ကျော် ဖျက်ဆီးထားရတဲ့အပေါ်မှာ စစ်ကောင်စီ တပ်တွေက Mytel တာဝါတိုင် ဖျက်ဆီးခံရတဲ့ ပတ်ဝန်းကျင် အနီးအနားက ရွာတွေမှ မသင်္ကာတဲ့သူတွေကို ဖမ်းဆီးတာတွေပါ လုပ်လာခဲ့သလို တချို့ဆို ပစ်ခတ်ခံရပြီး သေဆုံးသူတွေလည်း ရှိနေပါတယ်။
အကြမ်းဖက်အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ Mytel တာဝါတိုင်တွေကို မတိုက်ဘဲ စစ်သားတွေကိုသာ တိုက်ခိုက်ဖို့ ပြောကြားထားပါတယ်။