Home
မြန်မာသတင်း
လဲချားတွင် ရှေးဟောင်းဆင်းတုတော်နှင့် လက်ဝတ်ရတနာများ တူးဖော်တွေ့ရှိ
DVB
·
September 14, 2021

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ် ဝမ့်ဖိုင်အုပ်စု ဝမ့်မိုင်နောင်လုံကျေးရွာမှာ ရှေးဟောင်းဆင်းတုတော်နဲ့ လက်ဝတ်ရတနာတွေ တူးဖော်တွေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အဆိုပါကျေးရွာဘုန်းကြီးကျောင်းဝင်းထဲမှာ ရှေးဟောင်းစေတီ ၁၀ ဆူခန့်ရှိပြီး ကျောင်းထိုင်ဆရာတော်၊ ဂေါပကလူကြီးနဲ့ ရွာသားတွေက ပြုပြင်မွမ်းမံနေရာမှာ စက်တင်ဘာ ၁၂ ရက်နေ့က ရှေးဟောင်းဘုရားနဲ့ ပစ္စည်းတွေ တူးဖော်တွေ့ရှိတာလို့ လုပ်အားဒါနပြုသူ တစ်ဦးဖြစ်တဲ့ နန်းဆီမွေအွန်က ဒီဗွီဘီကို ပြောပါတယ်။ 

“ကျမတို့ အဲဒီမှာ စေတီအသစ်လည်း လှူထားပါတယ်။ ပြီးတော့ စေတီဟောင်းတွေ ပြုပြင်ဖို့ အားရင်အားသလိုသွားပြီး လုပ်အားဒါနပြုကြတယ်။ ရှေးဟောင်းဆင်းတုတော်နဲ့ ပစ္စည်းတွေ တွေ့တာကတော့ မြေကြီးတွေနဲ့ပိတ်နေတဲ့ စေတီတစ်ဆူပါ။ အဲဒီစေတီကို ပြန်ပြုပြင်ဖို့ မိုင်းဖုန်းဆရာတော် ကြွလာတုန်းက မိန့်ကြားထားတယ်။ တံခါးပေါက်ပုံစံကို တူးတော့ အထဲမှာ ဘုရားဆင်းတုတော်နဲ့ ကျောက်မျက်ရတနာတွေ တွေ့တယ်။ မြေအုတ်ဘုရား၊ စကျင်ကျောက်ဘုရားတွေနဲ့ ရှေးဟောင်းနားဆွဲ၊ ကြယ်သီး၊ လက်စွပ်၊ လည်ဆွဲ၊ ဆံထိုးတွေ ပါတယ်။ တချို့ ငွေနဲ့လုပ်ထားပြီး တချို့ ရွှေနဲ့လုပ်ထားတယ်။ ငွေဒင်္ဂါးပြားနဲ့ ကြုတ်ထဲ ထည့်ထားတဲ့ ပတ္တမြား၊ နီလာ၊ ပယင်းကျောက်တွေ တွေ့ပါတယ်ရှင့်။ ကျမတို့ အဲဒီပစ္စည်းတွေ အုံကြည့်နေတုန်း အနက်ရောင်မြွေကြီးတကောင် လူအုပ်ထဲဝင်လာလို့ လန့်ဖျပ်ပြီး ထွက်ပြေးကြတာ၊ နောက်တော့ မြွေကြီးက ဘုရားထဲပြန်ဝင်သွားတယ်။”

အဆိုပါစေတီဝင်းထဲမှာပဲ လွန်ခဲ့တဲ့ သုံး လေးလလောက်က စေတီမွမ်းမံသူတစ်ဦးမှာ ရွှေစတွေ တူးဖော်တွေ့ရှိပြီး အိမ်ယူသွားရာမှာ ညတိုင်း အိပ်မက်ဆိုးတွေ မက်နေလို့ မူလနေရာအတိုင်း ပြန်မြှုပ်ထားပေးခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။ 

ရှေးဟောင်းပစ္စည်းတွေဟာ ဘယ်ခေတ်ကမှန်းမသိပေမယ့် အသက် ၈၀ ကျော်အရွယ် ရွာသားတဦးကတော့ အဲဒီစေတီတွေဟာ သူတို့ အဘိုး အဘွားတွေ လက်ထက်ကတည်းက ရှိနေတာမို့ အနည်းဆုံး နှစ်ပေါင်း ၃၀၀ ကျော်မယ်လို့ ခန့်မှန်းပြောဆိုပါတယ်။

ဘုရားဂေါပကဖြစ်သူ ဦးန‌န္ဒော ဆိုသူကတော့ အဆိုပါနေရာမှာ ရှေးက စည်ကားတဲ့ မြို့ဟောင်းဖြစ်ခဲ့ဟန်တူကြောင်း၊ လက်ရှိမှာတော့ အိမ်ခြေ ၂၀ ကျော်သာရှိတဲ့ ရွာလေးတရွာသာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

တူးဖော်ရရှိတဲ့ ရှေးဟောင်းပစ္စည်းတွေကို ပြုပြင်မွမ်းမံပြီးပါက နဂိုမူလနေရာမှာပဲ ပြန်ပြီးဌာပနာထားဖို့ ရွာသားတွေက လိုလားပြီး ဂေါပကလူကြီးကတော့ ဆရာတော်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးမှ ဆုံးဖြတ်မယ်လို့ ပြောသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024