ထိုင်းတွင် ကိုဗစ်ကြောင့် သေဆုံးသူများ၏ ၁၄ ရာခိုင်နှုန်းကျော်မှာ ကာကွယ်ဆေးတကြိမ် ထိုးနှံပြီး သူများဖြစ်

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူတွေထဲက ၁၄ ရာခိုင်နှုန်းကျော်ဟာ ကာကွယ်ဆေးတကြိမ်ထိုးနှံပြီးသူတွေဖြစ်တယ်လို့ ရောဂါထိန်းချုပ်ရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံရောဂါထိန်းချုပ်ရေးဌာနက ကာကွယ်ဆေးထိုးနှံပြီးသူတွေကို ဆက်လက် လေ့လာမှုအရ နိုင်ငံတဝန်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၃,၆၃၇ ယောက်ထဲက ၁၄ ဒသမ ၄ ရာခိုင်နှုန်းကျော်ဟာ ကာကွယ်ဆေးတကြိမ်ထိုးနှံပြီးသူတွေဖြစ်နေတာကို တွေ့ရှိခဲ့ရတာပါ။

သေဆုံးသူတွေထဲ ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီးသူ ၁၀၇ ယောက်နဲ့ ၀ ဒသမ ၈ ရာခိုင်နှုန်းရှိနေတာကိုတွေ့ရှိရပြီး ကျန်တဲ့ ၆၄ ဒသမ ၆ ရာခိုင်နှုန်းကတော့ ကာကွယ်ဆေး လုံးဝထိုးနှံထားခြင်း မရှိသေးသူတွေဖြစ်တယ်လို့ စစ်တမ်းက ဆိုပါတယ်။

ထိုင်းနိုင်ငံတဝှမ်းမှာတော့ မတူညီတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ မျိုး ၂ ကြိမ်ထိုးနှံ ပေးနေခဲ့တာဖြစ်ပြီး ခုလက်ရှိထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေနဲ့ ဆက် စပ်မှုရှိမရှိဆိုတာကိုတော့ ဖော်ပြမထားပါဘူး။

ဒီစစ်တမ်းကိုတော့ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်ကနေ စက်တင်ဘာ ၉ ရက်နေ့အထိ အသက် ၆၀ အထက်သက်ကြီးရွယ်အိုတွေကို အဓိကထားလေ့လာမှုပြုလုပ်ခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ အခြေအနေစီမံကြီးကြပ်မှုစင်တာ(စီစီအက်စ်အေ)က ထုတ်ပြန်လိုက်တာပါ။

သေဆုံးသူတွေထဲက ၆၀ ရာခိုင်နှုန်းနဲ့အထက်ကတော့ ဘန်ကောက်ဒေသတဝိုက်ကဖြစ်ပြီး ၅ ရာခိုင်နှုန်းကတော့ တောင်ပိုင်းနယ်စပ်ခရိုင်တွေက ဖြစ်နေတာကို တွေ့ရှိရပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာတော့ လူဦးရေ ၂၇ သန်းကျော်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ ကြိမ်ထိုးနှံပြီးဖြစ်ကာ ၁၂ သန်းကတော့ ၂ ကြိမ်ထိုးနှံပြီးသူတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

ဘန်ကောက်အပါအဝင် ခရိုင် ၇ ခုမှာနေထိုင်ကြသူတွေရဲ့ ထက်ဝက်ကျော်ကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံး ၁ ကြိမ်ထိုးနှံပြီးသူတွေဖြစ်ကြတယ်လို့ သိရပါတယ်။       ထိုင်းကျန်းမာရေးတာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူအရေအတွက်ဟာ ၁၄,၄၈၅ ယောက်ထိ ရှိလာခဲ့ပြီဖြစ်ကာ ရောဂါကူးစက်ခံရသူပေါင်း ၁၄ သိန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up