စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ဘူတာ(က)ရပ်ကွက်မှာ နေထိုင်တဲ့ CDM မီးရထားရဲဝန်ထမ်းရဲ့ မိသားစုကို စက်တင်ဘာ ၁၂ ရက် ည ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်က နေအိမ်ကို ဝင်ရောက်စီးနင်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့ညက ၁၁ နာရီလောက်မှာ အိမ်ထဲဝင်ပြီးရှာတယ်။ CDM ရဲဝန်ထမ်းကို မတွေ့လို့ သူ့မိသားစုကို ဖမ်းသွားတယ်၊ သူ့မိန်းမရယ်၊ သားဖြစ်သူ CDM cancel လုပ်ထားတဲ့ ရဲရယ်၊ နောက်တစ်ယောက်ရယ်ပေါ့။ သူတို့က မိသားစု ၃ ယောက်ပေါ့။ သူတို့မိတ်ဆွေတစ်ယောက်ရယ်။ CCTV တပ်ထားတဲ့ ဘေးအိမ်က အမျိုးသမီးရယ်၊ အားလုံး ငါးယောက် အဖမ်းခံရတယ်။ CCTV အိမ်က အမျိုးသမီးကိုတော့ CCTV မဖွင့်တတ်လို့ဆိုပြီး ခေါ်သွားကြတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ရွှေဘိုဘူတာ မီးရထားရဲတပ်ဖွဲ့က တပ်ကြပ်ကြီး ဦးရန်နိုင်ရဲ့ မိသားစုနဲ့ မိတ်ဆွေတွေ ဖြစ်ပါတယ်။
မီးရထားရဲတပ်ကြပ်ကြီး ဦးရန်နိုင်ကတော့ မတ်လကတည်းက စစ်အာဏာရှင်ကို အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး ပြည်သူ့တွေဘက်က ရပ်တည်ကာ ပြည်သူနဲ့ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။