ရုရှားနှင့်ဘဲလာရုစ် စက်ရုပ်သစ်နှင့်ဗျူဟာမြောက် ယာဉ်များဖြင့် စစ်ရေးလေ့ကျင့်

ရုရှားဟာ ဆိုဗီယက်ခေတ်ဟောင်း မဟာမိတ်ဖြစ်တဲ့ ဘဲလာရုစ်အစိုးရနဲ့ အကြီးစားစစ်ရေး လေ့ကျင့်မှု ဒုတိယမြောက်နေ့မှာ တိုက်ခိုက်ရေး စက်ရုပ် အသစ်တွေနဲ့ ဗျူဟာမြောကယာဉ်တွေကို ထုတ်သုံးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။

ရုရှားနိုင်ငံထဲမှာ ကြာသပတေးနေ့အထိ ဆင်နွှဲမယ့် စစ်ရေးလေ့ကျင့်မှုဟာ ဘဲလာရုစ်နိုင်ငံရဲ့ အနောက်ဘက်ခြမ်းက ဥရောပသမဂ္ဂနယ်စပ်တွေနဲ့ နီးကပ်နေလို့ ယူကရိန်းနဲ့ တခြားနေတိုးအဖွဲ့ဝင် နိုင်ငံတွေကို တပ်လှန့်သလို ဖြစ်ခဲ့ပါတယ်။

ဗုံးသီးလောင်ချာတွေနဲ့ စက်သေနတ်ကို ကိုင်ဆောင်ထားတဲ့ အဝေးထိန်း စနစ်သုံး တိုက်ခိုက်ရေး စက်ရုပ်တွေကို ရုရှားစစ်တပ်က သုံးခဲ့တယ်လို့ ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။

စာမတ်- တူး ဗျူဟာမြောက် ယာဉ်အသစ်တွေကိုလည်း သုံးခဲ့ပြီး အခုလို စစ်လက်နက်တွေကို ထုတ်သုံးတာ ပထမဆုံးအကြိမ်ပဲလို့လည်း ရုရှားသတင်းဌာန သတင်းထုတ်ပါတယ်။

နယ်စပ်ရှေ့တန်းနဲ့ ကပ်ပြီး ခုလို အကြီးစား စစ်ရေးလေ့ကျင့်နေတာဟာ ကျူးကျော်ခံရမယ့် ဘေးနဲ့ သိပ်နီးနေတယ်လို့ ဘဲလာရုစ်ရဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ ယူကရိန်း၊ နေတိုးအဖွဲ့ဝင် ပိုလန်နဲ့ လစ်သူအေးနီးယားနိုင်ငံတွေက ပြောပါတယ်။

လာမယ့်နှစ်တွေအတွင်း ရုရှားစစ်တပ်က အဲ့စ်တိုးနီးယားနိုင်ငံကို တိုက်ခိုက်တာမျိုး အမှန်တကယ် ဖြစ်ကောင်း ဖြစ်လာနိုင်တယ်ဆိုတာ ကျနော်တို့ သဘောပေါက်ထားဖို့ လိုတယ်လို့ အဲ့စ်တိုးနီးယားကာကွယ်ရေးတပ် စစ်ဦးစီးမှူး မာတင်ဟာရမ်က စက်တင်ဘာ ၁၀ ရက် လူတွေ့ မေးမြန်းခန်းမှာ ပြောပါတယ်။

ရုရှားရဲ့ ပန်းတိုင်က ကျနော်တို့ကို သိမ်းပိုက်ပြီး ထိန်းချုပ်ချင်တာ မဟုတ်ပေမဲ့ မတည်မငြိမ် ဖြစ်အောင် လုပ်ပြီး မတည်မငြိမ် ဖြစ်နေလို့ ရလာတဲ့ သြဇာကို ခံစားချင်နေတာလို့ သူက BNS သတင်းဌာနကို ဆက်ပြောခဲ့ပါတယ်။ ရုရှားနဲ့ဘဲလာရုစ်တို့ဟာ ပူးတွဲ စစ်ရေး လေ့ကျင့်တာကို လေးနှစ်တကြိမ် လုပ်နေကျပါ။

ဒါပေမဲ့ ဒီနှစ်ကတော့ အတိုက်အခံတွေကို နှိမ်နင်းလို့ အနောက်နိုင်ငံတွေက ဝိုင်းပြီး ပြစ်တင်ဝေဖန်နေတဲ့ ဘဲလာရုစ် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို ကို ထောက်ခံကြောင်းပြတဲ့ သဘောနဲ့ စစ်ရေးလေ့ကျင့်တာလို့ မီဒီယာတွေက သုံးသပ် နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up