Home
ဆောင်းပါး
တိုင်းရင်းသားစာပေသင် နေ့စားပညာရေးဝန်ထမ်းတွေရဲ့ဒုက္ခ
DVB
·
September 12, 2021

ကိုဗစ်တတိယလှိုင်းကြောင့် အခြေခံပညာကျောင်းတွေ ပိတ်ထားတဲ့အတွက် တိုင်းရင်းသားဘာသာ သင်ပေးနေတဲ့ နေ့စား ပညာရေးဝန်ထမ်းတွေဟာ လစာမရတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုလာပါတယ်။

တစ်နိုင်ငံလုံးမှာရှိတဲ့ စာသင်ကျောင်းတွေ ယာယီပိတ်ဖို့ ဇူလိုင် ၈ ရက်နေ့မှာ စစ်ကောင်စီက တရားဝင်ထုတ်ပြန်ထားတဲ့ အတွက် တိုင်းရင်းသားဘာသာသင် နေ့စားဝန်ထမ်းတွေဟာ လစာမရကြတာ ဖြစ်ပါတယ်။

အခုလိုစာသင်ကျောင်းတွေ ပိတ်ထားတာဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ရတာဖြစ်ပြီး ဆရာ၊ ဆရာမတွေဖက်က ပျက်ကွက်တာ မဟုတ်တဲ့အတွက် လစာတော့ ပုံမှန်ပေးသင့်တယ်ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေလည်းရှိနေပါတယ်။

နေ့စားဝန်ထမ်းတွေ လစာရတဲ့ပုံစံက ကျောင်းတက်(အလုပ်ဆင်းထားတဲ့) တစ်ရက်ကို လုပ်ခနေ့စား ၄,၈၀၀ ကျပ် ရပါ တယ်။ တစ်လကို အလုပ်ဘယ်နှစ်ရက်ဆင်းသလဲအပေါ်မူတည်ပြီး လစာကိုရက်နဲ့တွက်ချက်ပေးတာဖြစ်ပါတယ်။ တွက်ချက် ပြီးတာနဲ့ ကိုယ်တာဝန်ကျတဲ့ ကျောင်းအုပ်ရဲ့ထောက်ခံချက်ရယူကာ သက်ဆိုင်ရာ မြို့နယ်ရုံးမှာ လစာသွား ရောက် ထုတ်ယူရတာ ဖြစ်ပါတယ်။

တိုင်းရင်းသားဘာသာသင်ကြားတဲ့ ဆရာ၊ ဆရာမတွေဟာ နွေရာသီ ရက်ရှည်ကျောင်းပိတ်ရက်၊ စနေ၊ တနင်္ဂနွေနဲ့ တခြား ရုံးပိတ်ရက်လို့ သတ်မှတ်ထားတဲ့ရက်တွေအတွက် နေ့စားခမရတဲ့အပြင် အခုလို အရေးပေါ်အခြေအနေကြောင့် ကျောင်းပိတ်ရက်တွေမှာလည်း လစာမရတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနနဲ့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပူးပေါင်းပြီး တိုင်းဒေသကြီး ၊ ပြည်နယ်များရှိ အခြေခံ ပညာကျောင်းများမှာ တိုင်းရင်းသားဘာသာသင် (Teaching Assistant- TA / Language Teacher- LT) ဆရာ၊ ဆရာမ များ ခန့်ဖို့အတွက် ၂၀၁၆ ခုနှစ်မှာ မူဝါဒများချမှတ်ပြီး စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

တိုင်းရင်းသားဘာသာ သင်ကြားဖို့ ခန့်အပ်ခံရတဲ့ ဆရာ၊ ဆရာမတွေဟာ တိုင်းဒေသပြည်နယ်အလိုက် သက်ဆိုင်ရာ တိုင်း ရင်းသား ဘာသာစကားကို သင်ကြားပေးရတာဖြစ်ပြီး တစ်ချို့ကျောင်းတွေမှာဆို ကျောင်းတွင်းသင်ကြားရေးဆိုင်ရာ ဘာ သာရပ်တွေကိုပါ ခွဲဝေသင်ပေးရတာတွေလည်း ရှိပါတယ်။

“ ကျမတို့ရတဲ့ လစာ၊ ကျမတို့ရဲ့ ပညာအရည်အချင်း ၊ ကျမဆိုရင် ဘွဲ့ရဖြစ်တယ်။ ရတဲ့လစာက ထိုက်တန်တဲ့လုပ်အားခ ပြန်မရဘူး။ မရတဲ့အပြင်ကို ကျမတို့ရဲ့ပျက်ကွက်မှုမဟုတ်ဘဲနဲ့ ကျမတို့ကလစာမရဘူး။ အခုချိန်မှာဆို အများကြီးအခက် အခဲဖြစ်တယ်။ မိသားစုတွေရှိတယ်” လို့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်က TA ဆရာမ ဒေါ်သက်ယုဝေက ဆိုပါတယ်။

TA ဆရာ၊ ဆရာမတွေဟာ သူတို့ရဲ့ တိုင်းရင်းသားစကား၊ စာပေ၊ ယဉ်ကျေးမှု၊ မျိုးချစ်စိတ်ရှင်သန်ဖို့နဲ့ မွေးဖွားရာဇာတိ မြေကို အလေးထား ဂုဏ်ယူတတ်ဖို့အတွက် အဓိကထား သင်ကြားပေးရတာ ဖြစ်ပါတယ်။

TA ဆရာ၊ဆရာများကို ခန့်အပ်ရာမှာ ဒေသခံတွေကို ဦးစားပေးခန့်အပ်ပြီး ပညာအရည်အချင်းမှာ နဝမတန်း အောင်မြင် ရမယ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ပညာရေးဝန်ထမ်းမလုပ်ခင်မှာ တခြားသော အလုပ်အကိုင် အခွင့်အလမ်းတွေရှိပေမယ့် တိုင်းရင်းသားစာပေကို ချစ်မြတ်နိုး တဲ့အတွက် ပညာရေးဝန်ထမ်းလုပ်ဖို့ ရွေးချယ်ခဲ့ရာမှာ အခုလိုလစာမပေးဘဲ ချန်ထားခဲ့တာကတော့ ခွဲခြားဆက်ဆံတယ် လို့ ခံစားရကြောင်း ဆရာမဒေါ်သက်ယုဝေက ဆိုပါတယ်။

“ ပညာရေးလောကထဲကို ဝင်လိုက်တဲ့အချိန်မှာ ကျမတို့က ဘာဖြစ်လာလဲဆိုရင် ကျောင်းဖွင့်ရင် ကျောင်းကလိုအပ်တဲ့ အချိန်ခေါ်လို့ရအောင် ကျမတို့ဘက်က အဆင်သင့်စောင့်နေရတဲ့အတွက် ဘာစီးပွားရေးကိုမှ ဦးတည်လို့မရဘူး” လို့ ဆရာမက ဆက်ပြောပါတယ်။

အစိုးရက တရားဝင်ခန့်ထားတဲ့ ဆရာ၊ ဆရာမတွေဖြစ်ပေမယ့်လည်း အခုလို လစာမပေးတာဟာ အစိုးရအနေနဲ့ တာဝန် ယူမှု တာဝန်ခံမှုမရှိဘဲ ပစ်ပယ်ခြင်းကိုခံရတယ်လို့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အလယ်ချောင်းရွာက TA ဆရာ တစ်ဦးက ဆိုပါတယ်။

ဒီလို ခွဲခြားဆက်ဆံမှုတွေ ဆက်လုပ်နေမယ်ဆိုပါက တိုင်းရင်းသားဘာသာ သင်ကြားရတဲ့ အလုပ်ကို မလုပ်ချင်တော့ဘူးဆို ရင် တိုင်းရင်းသားဘာသာစာပေကို သင်ရတဲ့ အခွင့်အရေး ဆုံးရှုံးနိုင်သလို တိုင်းရင်းသားတွေအတွက်လည်း နစ်နာမှုတွေ ရှိနိုင်တယ်လို့ အထက်ပါဆရာက ဆက်ပြောပါတယ်။

တရားဝင်သင်ကြားခွင့်ပေးထားတဲ့ တိုင်းရင်းသားစာပေတွေကို TA ဆရာ၊ဆရာမတွေက ပြန်လည်သင်ကြားပေးတဲ့ အခါမှာ စာလုံးပေါင်း သတ်ပုံကအစ၊ သမိုင်းကြောင်းထိသင်ကြားပေးတာ ဖြစ်တဲ့အတွက် ကိုယ့်စာပေကို ပိုပြီး မြှင့်တင်ချင်စိတ်တွေ ဟာ တိုင်းရင်းသားတိုင်းမှာ ဖြစ်ကြပါတယ်။

ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းတုန်းက ကျောင်းပိတ်ရက်တွေမှာ နေ့စားဝန်ထမ်းတွေရော၊ တိုင်းရင်းသားဘာသာ သင် ကြားပေးတဲ့ ဆရာ၊ ဆရာမတွေ လစာပုံမှန်ရပြီး နေ့စားအဖြစ် ခန့်အပ်ခြင်းခံထားရတဲ့ ဝန်ထမ်းတွေဟာ တစ်ရက်ကို ၄,၈၀၀ ကျပ် ရရှိတာ ဖြစ်ပါတယ်။
ကျောင်းဖွင့်ရက် ရက် ၂၀ ရှိပါက ၂၀ ရက်အတွက်ပဲ ရရှိပြီး လစာ အပြည့်ရတဲ့ရက်မှာ ကိုးသောင်းကျော်သာ ရရှိတာဖြစ် ပါတယ်။ မူလတန်းပြများနည်းတူ သင်ကြားရေးပိုင်းမှာ တာဝန်ယူရသော်လည်း မူလတန်းပြမှာ အမြဲတမ်းဝန်ထမ်းဖြစ်တဲ့ အတွက် အခြေခံလစာ ၁၈၀,၀၀၀ (တစ်သိန်းရှစ်သောင်း) ရရှိတာဖြစ်ပါတယ်။

ဒါကြောင့် နေ့စားလပေး ဆရာ၊ဆရာမတွေရဲ့ မျှော်လင့်ချက်ကတော့ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ပေးရေးနဲ့ လစာပုံမှန် ရရှိဖို့ အတွက်ကတော့ တစ်ခုထဲသော မျှော်လင့်ချက်ပဲ ဖြစ်ပါတယ်။

အမြဲတမ်းဝန်ထမ်း ခန့်ထားနိုင်ရေးနဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ အခွင့်အရေး အပြည့်အဝရရှိနိုင်ဖို့ စစ်တပ်က အာဏာမသိမ်း ခင်က သက်ဆိုင်ရာဝန်ကြီးဌာနတွေဆီစာပို့ပြီး အကြောင်းကြားထားတာရှိတယ်လို့ နေ့စားလပေး ပညာရေးဝန်ထမ်းများ အမြဲတမ်းဝန်ထမ်းခန့်အပ်ရေးဦးဆောင်လှုပ်ရှားမှုကော်မတီ(BEWU)မှ ဦးဆောင်လှုပ်ရှားသူ ဦးဖြိုးဝေအောင်က ဆိုပါတယ်။

မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ TA ဆရာ၊ဆရာမဦးရေ တစ်သောင်းခွဲခန့်(၁၅,၀၀၀)ရှိပြီး သူတို့ကို အမြဲ တမ်း ဝန်ထမ်းခန့်အပ်နိုင်ဖို့ လှုပ်ရှားနေတဲ့အစီအစဉ်ဟာ အခုအချိန်မှာ နိုင်ငံရေးအခြေနေကြောင့် ရပ်တန့်ထားရတယ် လို့ ဦးဖြိုးဝေအောင်က ဆက်ပြောပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်တာဝန်ထမ်းဆောင်ခြင်းမရှိသော တိုင်းရင်းသားဘာသာသင် နေ့စားလပေး ဆရာ၊ ဆရာမတွေရဲ့လုပ်အားခ ပိုလျှံငွေ ကျပ်သိန်းခြောက်ထောင်နီးပါးကို သက်ဆိုင်ရာတိုင်းဒေသပြည်နယ်များက ပြန်လည် အပ်နှံလာကြောင်း စစ်ကောင်စီပညာရေးဝန်ကြီးဌာနက သြဂုတ်လ ၂၆ ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထွက်ပေါ်ခဲ့ပါ တယ်။

“လစာမပေးချင်လို့ စစ်ကောင်စီက အကြောင်းရှာတယ်လို့ မြင်တယ်။ ဒါပေမယ့် အားလုံးက လစာမရကြသေးတော့ CDM သဘောမျိုးပဲပေါ့” လို့ ဦးဖြိုးဝေအောင်က ဆိုပါတယ်။

TA ဆရာ၊ဆရာမ အတွင်းမှာ CDM လုပ်သူတွေရှိနေပေမယ့်လည်း CDM စာရင်းကို တိတိကျကျတော့ မသိနိုင်ဘူးလို့ လည်း ဦးဖြိုးဝေအောင်က ဆက်ပြောပါတယ်။

“ ဒီလို ပြန်ရုပ်တဲ့အဓိပ္ပာယ်က CDM လုပ်လို့ ရုပ်တဲ့သဘောမျိုးဖြစ်နေတယ်။ ကျနော်တို့ရခိုင်မှာ တစ်ယောက်မှ CDM မလုပ် ပါဘူး။ တဖက်သတ်စွပ်စွဲပြီး လစာငွေတွေ ပြန်ရုပ်သိမ်းတာဟာ မတရားလုပ်ရပ်ပါ။ ငါလုပ်ချင်သလိုလုပ်မယ်ဆိုတဲ့ သဘော ပါ” လို့ ပုဏ္ဏားကျွန်းမြို့၊ အလယ်ချောင်းရွာက TA ဆရာတစ်ဦးက ပြောပါတယ်။

“ တိုင်းရင်းသားစာပေနေ့စား၊ လပေး၊ ပညာရေးဝန်ထမ်းတွေ လစာမရတဲ့အတွက် ဘယ်လိုရုန်းကန်နေရသလဲဆိုတာ ရေး ပေးခဲ့ပါ” ဆိုတဲ့ စာသားကို Phyo Wai Aung ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ သြဂုတ် ၂၃ ရက်နေ့မှာ ရေးသားလိုက်တဲ့ ပို့စ်အောက်မှာ TA ဆရာ၊ဆရာမတွေဟာ သူတို့တွေရဲ့ အခက်အခဲကို ဝင်ရောက်မှတ်ချက်ပေးသူ ၁၆၀ ကျော်ရှိပါတယ်။

ဝင်ရောက်မှတ်ချက်ပေးသူများမှာ ဈေးရောင်းနေသူ၊ ကိုဗစ်ဘေး၊ စစ်ဘေး၊ ရေဘေးဒဏ်တွေကို ကြုံနေရတဲ့အပြင် ကုန် ဈေးနှုန်းတွေကလည်းတက် ကျန်းမာရေးကမကောင်း၊ လစာကမရ သက်ဆိုင်ရာဌာနကိုဆက်သွယ်တော့လည်း ဟိုလွှဲချ၊ ဒီလွှဲချ အခြေတွေနဲ့ ကြုံတွေ့နေရတဲ့အတွက် သက်ဆိုင်ရာဌာနမှ တာဝန်ရှိတဲ့သူများ သိရှိစေလိုကြောင်း အစရှိတဲ့ မှတ် ချက်များ ပေးခဲ့ကြတာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်လက်မဲ့ဦးရေ ပေါများလာတဲ့အပြင် အခြေခံ စားသောက်ကုန်ပစ္စည်း ဈေး နှုန်းတွေ တရိပ်ရိပ်တက်တဲ့အတွက် စားဝတ်နေရေးကျပ်တည်းတဲ့ဒဏ်ကို အောက်ခြေလူတန်းစားတွေသာမက လူလတ် တန်းစားတွေပါ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

လုပ်ငန်းခွင်ထဲမှာ နေ့စားဝန်ထမ်းဖြစ်တဲ့အတွက် လူရာသွင်းခြင်းမခံရတာ၊ ကျောင်းရဲ့အောက်ခြေလုပ်ကိုင်ရမယ့် အလုပ် မျိုးဆို နေ့စားဝန်ထမ်းတွေကို ခိုင်းစေတာ၊ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးဖို့ စာရင်းကောက်တာတောင် နေ့စားဝန်ထမ်း စာ ရင်းမပါတာ အစရှိတဲ့ ခွဲခြားဆက်ဆံခြင်းမျိုးတွေ ခံရတာဖြစ်ပါတယ်။

“ ရောဂါတွေကြောင့် အပြင်လည်း ဘယ်မှမထွက်ရဲဘူး။ ကျောင်းတွေလည်းပိတ်ထားတယ်။ လစာလည်းမရတော့ စားဝတ် နေရေးအရမ်းခက်ခဲတယ်”လို့ ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်၊နတ်ရှင်ကျေးရွာက TAဆရာမဒေါ်စုစုခင်က ပြောပါတယ်။

ဝန်ထမ်းဖြစ်ပြီဆိုကတည်းက လစာကို မျှော်ကိုးပြီး စားရတာဖြစ်တဲ့အတွက် လစာမရရင် ဘယ်လိုမှအဆင်မပြေကြောင်းနဲ့ ကိုယ့်ကို မှီခိုနေတဲ့ မိသားစုတွေ ရှိနေသေးရင် ဒီထက်တောင်ဆိုးဦးမယ်လို့ ဆရာမဒေါ်စုစုခင်က ဆက်ပြောပါတယ်။

လုပ်ငန်းသဘောအရ ပညာရေးဝန်ကြီးဌာနအပြင် တခြားဝန်ကြီးဌာနတွေမှာလည်း နေ့စားလပေး ဝန်ထမ်းတွေ ခန့်အပ် ထားတာ ရှိပါတယ်။ အဲ့သည် ဝန်ထမ်းတွေဟာလည်း ရုံးဖွင့်တဲ့ ရက်မျိုးမှာသာ နေ့စားခရတာဖြစ်ပါတယ်။

သို့ပေမယ့် အခုလိုရုံးပိတ်ရက်ရှည်မှာတော့ နေ့စားခမရတဲ့ ဝန်ထမ်းတွေရှိသလို၊ နားလည်မှုနဲ့ နေ့စားခရနေကြတဲ့ ဝန်ထမ်း တစ်ချို့လည်း ရှိနေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းနဲ့ စစ်တပ်အာသိမ်းမှုကြောင့် ပြည်သူအများစုမှာ အဆင်မပြေဖြစ်နေကြသလို တိုင်းရင်းသားဘာသာသင်တဲ့ ဆရာ၊ဆရာမတွေမှာလည်း စားဝတ်နေရေး အခက်အခဲတွေရှိနေတဲ့အတွက် ရသင့်ရထိုက် တဲ့ အခွင့်အရေးကို ပေးစေချင်တယ်လို့ TA ဆရာ၊ဆရာမတွေက ဆိုကြပါတယ်။

Honest Information (HI)။ ။

hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024