Home
မြန်မာသတင်း
ပြည်နယ်၊ တိုင်း ၄ ခုတွင် စစ်တပ်ပိုင် MyTel တာဝါတိုင် ၆၀ ခန့် ဖျက်ဆီးခံရ
DVB
·
September 12, 2021

မြန်မာစစ်တပ်ရဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက ရှယ်ယာ ၂၈ ရာခိုင်နှုန်း ပါဝင်ထားတဲ့ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီရဲ့ မြန်မာနိုင်ငံတွင်း တပ်ဆင်ထားတဲ့ Mytel တာဝါတိုင် အတော်များများဟာ စက်တင်ဘာလဆန်းပိုင်းက စလို့ နေ့စဉ်လိုလို ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခံနေရပါတယ်။

ဒါဟာ မြန်မာနိုင်ငံက စစ်ခေါင်းဆောင်ရဲ့ စီးပွားရေးဒေါက်တိုင်တစ်ခုဖြစ်တဲ့ မိုင်တဲလ်ဆက်သွယ်ရေးတာဝါတိုင်တွေကို ဖြိုချဖျက်ဆီးပြီး စီးပွားရေးတော်လှန်ရေးတခုအနေနဲ့ ပြုလုပ်နေကြတာလို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

၂၀၂၁ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ပိုင်ထုတ်ကုန်တွေ ဝယ်ယူသုံးစွဲခြင်းမပြုဖို့ လှုပ်ရှားဆောင်ရွက်ရာမှာလည်း Mytel ကုမ္ပဏီဟာ ထိပ်ဆုံးကပါဝင်ပါတယ်။

မြန်မာနိုင်ငံတွင်း စက်တင်ဘာ ၇ ရက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က အရေးပေါ် အခြေအနေ ကြေညာကာ နိုင်ငံတဝန်းခုခံစစ်ဆင်နွှဲဖို့ ကြေညာခဲ့ပြီးနောက် တိုက်ပွဲတွေ၊ ဖောက်ခွဲမှုတွေ နေ့စဉ်ဖြစ်နေသလို ပြည်နယ်တိုင်း ၄ ခုဖြစ်တဲ့  မွန်ပြည်နယ်၊ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ တပ်ပိုင် မိုင်တဲတာဝါတိုင် တချို့ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။

စစ်ကိုင်းတိုင်း

စက်တင်ဘာ ၇ ရက်မှာ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း ကူတော်ရွာဘေးက တစ်တိုင်၊ အင်းတဲလမ်းဘေးက တစ်တိုင်၊ ယုန်လေးကုန်းရွာဘေးက တစ်တိုင်၊ လွဲတဲရွာဘေးက တစ်တိုင်၊ ငပယင်းရွာဘေးက တစ်တိုင်နဲ့ မုံရွာ-ရေဦး ကားလမ်းအနီး တောင်ကလပ်ဘုန်းတော်ကြီးကျောင်း အနီးကတစ်တိုင် စုစုပေါင်း‌ ၆ တိုင်ကို အမည်မသိအဖွဲ့စည်းတခုက  ဖျက်ဆီးသွားပါတယ်။

စက်တင်ဘာ ၇ ရက် ညပိုင်းက ယင်းမာပင်ခရိုင်  ယင်းမာပင်မြို့နယ်မှာ ၂ တိုင်နဲ့ ပုလဲမြို့နယ်အတွင်းက  ထန်းခင်းကြီး​ကျေးရွာ၊ ရွာသစ်​ကျေးရွာ၊ ​ခေါ်သန္တီ​ကျေးရွာ၊ နဂါးမ​တောင်​ကျေးရွာတွေမှာရှိတဲ့  မိုင်တဲလ်တာဝါတိုင် ၄ တိုင်ရဲ့ စက်​တွေ ညပိုင်းက  မိုင်းခွဲဖျက်ဆီးခံရပြီး စက်တင်ဘာ ၈ ရက်မှာ  နောက်ထပ် ၁ တိုင်ဖျက်ဆီးခံခဲ့ရပါတယ်။ 

စက်တင်ဘာ ၇ ရက် ည ၁၀ နာရီလောက်မှာ တန့်ဆည်မြို့နယ် သစ္စေးပင်လှကျေးရွာအနီးက မိုင်တဲလ်တာဝါတိုင် ၁ တိုင်ကို  မြေအောက်တော်လှန်ရေးအဖွဲ့တစ်ဖွဲ့က ဗုံးခွဲ ဖျက်ဆီးခဲ့ပါတယ်။ 

စက်တင်ဘာလ ၇ ရက်မနက် ၉ နာရီမှာ  ဝက်လက်မြို့နယ်၊ အုတ်ဖိုကုန်း ကျေးရွာအနီးတွင် စိုက်ထူထားတဲ့  ဆက်သွယ်ရေးတာဝါတိုင် ၁ တိုင် လက်လုပ်မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးခံရပါတယ်။ 

စက်တင်ဘာ ၈ ရက်မှာတော့ တန့်ဆည်မြို့နယ်အတွင်းက ကုန်စွာအုပ်စုထောင်သွင်းကျေးရွာနဲ့ လယ်တီးအုပ်စု ကံသစ်ကျေးရွာတွေက Mytel တာဝါတိုင် ၂ တိုင်  ညပိုင်းက ဖောက်ခွဲဖျက်ဆီးခံရပါတယ်။  

စက်တင်ဘာ ၉ ရက်က ရေဦးမြိုနယ်အတွင်းက အင်တောအုပ်စု ဆပ်သေကျေးရွာနဲ့ ဝသဲအုပ်စု မီးမောင်းကုန်းကျေးရွာ တွေက မိုင်တဲလ်တာဝါတိုင် ၂ တိုင် တပြိုင်တည်း ဖျက်ဆီးခံခဲ့ရပါတယ်။

စက်တင်ဘာ ၈ ရက်မှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အရာတော်မြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုပိုင်ဆိုင်တဲ့  မိုင်တဲတာဝါတိုင် ၇ တိုင်ဖောက်ခွဲဖျက်ဆီးခဲ့ပြီး စက်တင်ဘာ ၉ ရက်ညပိုင်းကလည်း မြေလတ်ပိုင်းမှာရှိတဲ့ မိုင်တဲလ်တာဝါတိုင် ၄ တိုင် ထပ်မံ ဖောက်ခွဲ မိးရှို့ဖျက်ဆီးလိုက်တယ်လို့ ဆိုပါတယ်။ 

စက်တင်ဘာ ၁၀ ရက်မှာ  ယင်းမာပင်မြို့နယ် ​ရင်​ပေါင်တိုင်​ကျေးရွာ မန်း​ကျောင်းအနီးမှာရှိတဲ့ Mytel  တာဝါတိုင်စက်ကို  မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။

စက်တင်ဘာ ၁၀ ရက်က ခင်ဦးမြို့နယ်အတွင်း ကျေးရွာတွေမှာစိုက်ထူထားတဲ့ စစ်တပ်ပိုင် Mytel တာဝါတိုင် ၇ တိုင် မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေနဲ့ ခင်ဦး PDF တပ်ဖွဲ့ထံက သိရပါတယ်။

ဖောက်ခွဲဖျက်ဆီး ဓာတ်ဆီလောင်း မီးရှို့ခဲ့တဲ့ Mytel တာဝါတိုင်တွေကတော့ ငါးတင်းကြီး ရွာထိပ်မှ Mytel တာဝါတိုင်၊ ထနောင်းကိုင်းလေး လမ်းဆုံအနီးမှ Mytel တာဝါတိုင်၊ ရွာသစ်ကုန်းရွာအနီးမှ Mytel တာဝါတိုင်၊ တပင်ကောင်းရွာအနီးမှ Mytel တာဝါတိုင်၊ မဒေါင်းလှကျေးရွာ အနောက်ဘက်မှ Mytel တာဝါတိုင်၊ ချောင်းဆုံကျေးရွာ အနီးနားမှ Mytel တာဝါတိုင်နဲ့  ရွာစဉ်ကျေးရွာ အနီးမှ Mytel တာဝါတိုင်တွေဖြစ်ပါတယ်။

မကွေးတိုင်း 

D Day စတင်တဲ့ အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၇ ရက်နေ့ည ပေါက်မြို့နယ်မှာ ထန်းတောဦးရွာက မိုင်တဲလ် တာဝါတိုင် ၁ တိုင် ဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ PPDF တပ်ဖွဲ့က ပြောပါတယ်။  

ပေါက်မြို့နယ်ထဲမှာပဲ စက်တင်ဘာ ၈ ရက်နေ့ညကလည်း  ထန်းတောအိုးကျေးရွာအနီးက စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင် ၁ တိုင်နဲ့   စက်တင်ဘာ ၉ ရက် ညပိုင်းက ဘိုကုန်းကျေးရွာအနီးရှိ မိုင်တဲလ်တာဝါတိုင် ၁ တိုင်  PPDF အဖွဲ့က ဖျက်ဆီးခဲ့ပါသေးတယ်။

စက်တင်ဘာ ၁၀ ရက်က ရေနံချောင်းမြို့ ယာပြင်-အင်တောလမ်းပေါ်ရှိ Mytel တာဝါတိုင် ၁ တိုင် ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ရေနံချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

နောက်ထပ် မကွေးတိုင်းထဲက စစ်တပ်ပိုင် မိုင်တဲလ် တာဝါတိုင် ၄ ခုကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စက်တင်ဘာ ၁၁ ရက်ညနဲ့ စက်တင်ဘာ ၁၂ ရက် မနက်စောမှာ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

စက်တင်ဘာလ ၁၁ ရက်ညမှာ  နတ်မောက်မြို့နယ်ထဲက သမှုန်းကြီးနဲ့ သပွတ်ပင်ရွာမှာရှိတဲ့  စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင် ၂ ခုကို နတ်မောက်မြို့နယ်၊ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်က ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေ့မှာပဲ တောင်တွင်းကြီးမြို့နယ်မှာလည်း တောင်တွင်းကြီးပြည်သူ့ကာကွယ်ရေးတပ် (TDIPDF) က ကုက္ကိုကုန်းကျေးရွာအုပ်စုရှိ မိုင်တဲလ်တာဝါတိုင် ၁ တိုင်ကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ အဖွဲ့ တာဝန်ခံဆီ က သိရပါတယ်။

ပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ကလည်း ပေါက်မြို့နယ်ထဲက အင်းတိမ်ကျေးရွာအနီးမှာရှိတဲ့ မိုင်တဲလ် တာဝါတိုင် ၁ တိုင်ကို စက်တင်ဘာလ ၁၂ ရက်နေ့မနက်စောက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

 မန္တလေး 

စက်တင်ဘာလ ၅ ရက် မနက် ၁ နာရီခွဲက မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ ဓမ္မာရုံအနီး နေအိမ်ခြံဝင်းအတွင်း စိုက်ထူထားသည့် Ooredoo ဆက်သွယ်ရေးတာဝါတိုင် ၁ တိုင်ရဲ့  အထိုင်စက်ပုံး မီးရှို့ဖျက်ဆီးခံရပါတယ်။

စက်တင်ဘာ ၅ ရက် မနက် ၃ နာရီခွဲက မိတ္ထီလာမြို့ရှောင်လမ်းအနီး သာစည်မြို့နယ်၊ ကျည်းကန် ကျေးရွာ တောင်ယာကွက်ထဲ စိုက်ထူထားတဲ့ တာဝါတိုင်ရှိ   Mytel/Telenor/Ooredoo ဆက်သွယ်ရေးစက်တွေနဲ့ ဘတ္ထရီအိုးထည့်သွင်း ထားတဲ့စက်ခန်းအတွင်းသို့ မီးပုလင်းဖြင့် ပစ်ပေါက် မီးရှို့ခံရပါတယ်။

စက်တင်ဘာ ၆ ရက် မနက် ၈ နာရီခွဲလောက်က မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် စစ်တက္ကသိုလ်နားက ဆင်လမ်းကျေးရွာရှိ တယ်လီနောနဲ့ အော်ရီဒူးဖုန်းတာဝါတိုင် ၁ တိုင် လက်လုပ်မိုင်းနဲ့ ဖောက်ခွဲဖျက်ဆီးခံရပါတယ်။   ကျောက်ပန်းတောင်း PDF အနေနဲ့ စက်တင်ဘာ ၇ ရက် ညက Mytel တာဝါတိုင် ၁ တိုင်    စက်တင်ဘာ ၈ ရက်မှာ  ကျောက်ပန်းတောင်းမြို့နယ် အနောက်ကြံဆို့ရွာက Mytel တာဝါတိုင် ၁ တိုင်ကို  ထပ်မံဖောက်ခွဲ PDF တပ်ဖွဲ့က  ဖျက်ဆီးခဲ့ပါတယ်။

စက်တင်ဘာလ ၇ ရက်မနက် ၂ နာရီက  မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ဖလံကျင်းကျေးရွာ၊ မိတ္ထီလာ-ပင်းတလဲ ကားလမ်းဘေးရှိ Mytel ဖုန်းတာဝါတိုင် ၁ တိုင်  ပေါက်ကွဲ မီးလောင်ဖျက်ဆီးခံရပါတယ်။

စက်တင်ဘာလ ၇ ရက် မနက် ၂ နာရီခွဲမှာ ဝမ်းတွင်းမြို့နယ်၊ သဲတောကျေးရွာ အနောက် တောင်ဘက် ၁ ဖာလုံခန့်အကွာရှိ Mytel တာဝါတိုင် ၁ တိုင် ပေါက်ကွဲမီးလောင်ဖျက်ဆီးခံရပါတယ်။

စက်တင်ဘာလ ၇ ရက် မနက် ၇ နာရီခွဲလောက်မှာ  ငါးဇွန်မြို့၊ အမှတ်(၄)ရပ်ကွက်က နေအိမ်ခြံဝင်းတခုမှာတွင်း စိုက်ထူထားတဲ့ ဖုန်းတာဝါတိုင် အထိုင်စက်ပုံး ဖျက်ဆီးခံရပါတယ်။ 

စက်တင်ဘာ ၉ ရက်နေ့ ည ၉ နာရီဝန်းကျင်က မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်ရပ်ကွက်က မိုင်တဲလ်တာဝါတိုင်တစ်ခု ဖောက်ခွဲခံလိုက်ရပါတယ်။

မွန်ပြည်နယ်

စက်တင်ဘာ ၁၁ ရက်မှာတော့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာက Mytel တာဝါတိုင် ၁ တိုင်ကို အမည်မသိလူတစု မိုင်းခွဲဖျက်ဆီးခဲ့ပြီး ဒါဟာ   စစ်တပ် အာဏသိမ်းပြီးနောက် မွန်ပြည်နယ်မှာ ပထမဦးဆုံးအကြိမ် ဖောက်ခွဲခံလိုက်ရတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလမှစလို့ စက်တင်ဘာ ၉ ရက်အထိ  ဗုံးခွဲတိုက်ခိုက်မှုပေါင်း  ၂၃၉၀ ကြိမ်နဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေ မီးရှို့ဖောက်ခွဲဖျက်ဆီးမှုပေါင်း  ၆၈ ကြိမ်ခံခဲ့ရတယ်လို့ စစ်ကောင်စီက ထုတ်ပြန် ကြေညာထားတာပါ။

နိုင်ငံအတွင်းမှာရှိတဲ့ စစ်တပ်ပိုင်  Mytel တာဝါတိုင်​တွေ အများအပြား ​ဖောက်ခွဲဖျက်ဆီးခံရပြီး​နောက်  Mytel နဲ့ MPT ဆက်သွယ်ရေးတာဝါတိုင်တွေကို လုံခြုံရေးတိုးမြှင့်ဖို့ စစ်ကောင်စီညွှန်ကြားစာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

 တာဝါတိုင်တွေ ဖျက်ဆီးခံရမှုနဲ့ ပတ်သက်လို့ ပြည်ထဲရေး(ပထရ) ဝန်ကြီးက ဆုပေး၊ ဒဏ်ပေးစနစ်ကျင့်သုံးရေးနဲ့ အစီအမံတွေကို တင်ပြဆောင်ရွက်ကြဖို့ မှာထားပြီး ဖြစ်တယ်လို့ လျှို့ဝှက်စာမှာ ပါရှိပါတယ်။

စစ်တပ်အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလမှစပြီး  စက်တင်ဘာ ၉ ရက်အထိ  မြန်မာနိုင်ငံတဝန်း ဗုံးခွဲတိုက်ခိုက်မှုပေါင်း  ၂၃၉၀ ကြိမ်နဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေ မီးရှို့ဖောက်ခွဲဖျက်ဆီးမှုပေါင်း  ၆၈ ကြိမ်ခံခဲ့ရတယ်လို့ ဒီကနေ့ စက်တင်ဘာ ၁၂ ရက်ထုတ် စစ်ကောင်စီ အာဘော် သတင်းစာတွေမှာ ဖော်ပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024