မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့မှာ လက်နက်ကိုင်ဆောင်တဲ့ အမျိုးသား ၁ ဦးကို ရဲနဲ့ စစ်တပ်အပါအဝင်ပူးပေါင်းအဖွဲ့တွေက စက်တင်ဘာ ၁၁ ရက် ဒီနေ့မနက် ၁၁ နာရီလောက်မှာ ဖမ်းဆီးလိုက်ပါတယ်။
မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်၊ သံလမ်းနဲ့ ဂေါက်ကွင်းအရှေ့ဘက် ချစ်ကြည်ရေးလမ်းမပေါ်ရှိ ကောင်းကင်မိုးကွမ်းယာဆိုင်အနီးမှာ ခလရ ၂၇၅ စစ်တပ်၊ ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာတွေပူးပေါင်းပြီး ကိုမြင့်မောင်မောင်ဦးကို ရှာဖွေစစ်ဆေးရာ သူကိုင်ဆောင်ထားတဲ့ ပစ္စတို 9 MM တစ်လက်နဲ့ ကျည်ဆန် ၂ တောင့်ကိုတွေ့ရှိ ဖမ်းမိသွားတာဖြစ်ပါတယ်။
ဖမ်းဆီးထားရတဲ့ ကိုမြင့်မောင်မောင်ဦးဟာ မြဝတီမြို့ မြန်မာ- ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)မှာ လဝက တာဝန်ထမ်းဆောင်ဖူးသူဖြစ်တယ်လို့လည်း ရဲသတင်းအရ သိရပါတယ်။
လက်နက်ကိုင်ဆောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘဲ လတ်တလော ကိုမြင့်မောင်မောင်ဦးကို မြဝတီမြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး လက်နက်ဥပဒေ ပုဒ်မ ၁၉(စ)နဲ့ တရားစွဲသွားဖို့ ရှိနေပါတယ်။