တောင်ဆူဒန်နိုင်ငံတွင်း အာဏာသိမ်းမှု မအောင်မြင်

တောင်ဆူဒန်နိုင်ငံတွင်း မအောင်မြင်တဲ့ အာဏာသိမ်းမှုကြောင့် ဒုတိယသမ္မတဟောင်းကို လိုက်ရှာနေပြီး အကြီးတန်း နိုင်ငံရေးခေါင်းဆောင် ၁၀ ယောက်ကို ဖမ်းဆီးထားပြီလို့ တောင်ဆူဒန် အစိုးရက ဒီဇင်ဘာ ၁၇ ရက်က ပြောပါတယ်။ ရေနံထွက်တဲ့ တောင်ဆူဒန်ရဲ့မြို့တော်မှာ စစ်သားတွေ အချင်းချင်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီးတဲ့နောက် သေနတ်သံတွေ ဆူညံခဲ့တာ ဖြစ်ပါတယ်။ South Sudan1ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲမှာ နာမည်ကျော် ဘဏ္ဍာရေးဝန်ကြီးဟောင်း ကော့စတီ မဲနာ့ဘ် လည်း ပါဝင်ပါတယ်။ ကျန်နေသေးသူတွေလဲ အဖမ်းခံရမှာ ဖြစ်တယ်လို့ ပြန်ကြားရေး ၀န်ကြီးက ကြေညာချက်ကို ဖတ်ပြပါတယ်။ ဒီဇင်ဘာ ၁၆ ရက်နေ့က စစ်တပ် အချင်းချင်း ပစ်ခတ်မှုကတော့ ဇူလိုင်လက ရာထူးက ထုတ်ပယ်ခံရတဲ့ ဒုတိယသမ္မတဟောင်း ရိခ်မာချာရဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းချက်ပဲလို့ လက်ရှိ သမ္မတ ဆေးလ်ဗာကီယာက ပြောပါတယ်။ သမ္မတနဲ့ ဒုတိယသမ္မတတို့ဟာ မတူညီတဲ့တိုင်းရင်းသားအုပ်စုတွေက ဆင်းသက်လာသူတွေ ဖြစ်ပါတယ်။ အဲဒီ တိုင်းရင်းသားအုပ်စု ၂ ခုဟာ အတိတ်က ပဋိပက္ခ ဖြစ်ဖူးပြီး ကာလကြာရှည် နိုင်ငံရေးပြိုင်ဖက်တွေလည်း ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၇ ရက်နေ့က မြို့တော် ဂျူဘာက ပြည်သူ ၁ သောင်း ၆ ထောင်လောက်က ကုလသမဂ္ဂရုံးဝင်းထဲကို လာရောက် ခိုလှုံပါတယ်။ ခိုလှုံသူအရေအတွက် တိုးလာနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း တောင်ဆူဒန်အစိုးရဟာ မြင့်တက်နေတဲ့ တင်းမာမှုတွေကို ကာကွယ်ရမယ်၊ နိုင်ငံရေးအရ ကွဲပြားခြားနားမှုတွေကိုလဲ ဖြေရှင်းရမယ်လို့ ဒီဇင်ဘာ ၁၇ မှာ ပြောပါတယ်။ နိုင်ငံရေးအငြင်းပွားမှုတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ကိုလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆော်သြလိုက်ပါတယ်။ ဒီဇင်ဘာ ၁၆ ရက်နေ့အထိ နောက်ဆုံး အကြမ်းဖက်မှုအတွင်း အသတ်ခံရသူ ၅၀၀ အထိ ရှိပြီး လူ ၈၀၀ လောက် ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

More News
Up