စပိန်အပန်းဖြေစခန်းအနီး တောမီးလောင်၊ လူ ၁၀၀၀ ကျော် နေရာရွှေ့ပြောင်း

စပိန်နိုင်ငံတောင်ပိုင်းရှိ နာမည်ကြီးအပန်းဖြေစခန်းတစ်ခုအနီးမှာ တောမီးကို ထိန်းချုပ်ဖို့ ကြိုးပမ်းရာမှာ စက်တင်ဘာ ၁၀ ရက်က ပုံမှန်မဟုတ်တဲ့ လေပြင်းတိုက်ခတ်မှုတွေနဲ့ နွေရာသီ နှောင်းပိုင်း အပူချိန်မြင့်မားမှုတွေကြောင့် အဟန့်အတားဖြစ်ခဲ့ရပြီး လူပေါင်း ၁၀၀၀ ကျော်ကို နေအိမ်တွေကနေ အတင်းထွက်ခွာခိုင်းခဲ့ရပြီး အရေးပေါ်လုပ်သား တစ်ဦးလည်း သေဆုံးခဲ့ရပါတယ်။
စက်တင်ဘာ ၈ ရက် ညနေကတည်းက စတင်လိုက်တဲ့ တောမီးကြောင့် ဗြိတိသျှ ခရီးသွားတွေနဲ့ အငြိမ်းစားတွေနှစ်သက်ကြတဲ့ Estepona မြေထဲပင်လယ်အပန်းဖြေစခန်းရဲ့ အထက်က Sierra Bermeja တောင်တန်းထဲရှိ တောအုပ်မှာ ဟက်တာ ၃,၆၀၀ ဝန်းကျင်လောက် လောင်ကျွမ်းခဲ့ပါတယ်။
အာဏာပိုင်တွေဟာ တောမီးကိုငြှိမ်းသတ်ဖို့ နောက်ထပ် လေယာဉ်နှစ်စင်းနဲ့ Kamov ရဟတ်ယာဉ်တစ်စင်းကို စီစဉ်နေပြီး လေယာဉ် ၆၉ စီးအထိ တာဝန်ပေးထားတယ်လို့ ဒေသတွင်း မီးသတ်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒါပေမဲ့ မီးတောက်မီးလျှံတွေကို စက်တင်ဘာ ၁၁ ရက် စနေနေ့အထိ ထိန်းချုပ်နိုင်ခြေ မရှိဘူးလို့လည်း သူက ဆိုပါတယ်။
မီးဟာ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ရှို့ခဲ့တဲ့မီးဖြစ်ပုံရပြီး စုံစမ်းစစ်ဆေးသူတွေက အသေးစိပ်ဖော်ထုတ်ဖို့ လုပ်ဆောင်နေတယ်လို့ ဒေသဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြီးအကဲ ကာမန် ခရက်စ်ပိုက ပြောပါတယ်။
ဒီတောမီးကြောင့် Estepona ရှိ ရပ်ကွက် ၄ ခုက လူ ၁၀၀၀ ကျော်လောက်နဲ့ Benahavis က တဦးတို့ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပြီး စက်တင်ဘာ ၉ ရက် ညက အသက် ၄၄ နှစ်အရွယ် မီးသတ်သမားတစ်ဦး သေဆုံးခဲ့ပါတယ်။