Home
ဆောင်းပါး
တရုတ်၊ အမေရိကန်နှင့် အာဆီယံ သုံးပွင့်ဆိုင်ကြားက မြန်မာ့ခုခံစစ်
DVB
·
September 10, 2021

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီး ဒူဝါလရှီးလက စက်တင်ဘာလ ၇ ရက်နေ့မှာ တနိုင်ငံလုံး ခုခံစစ်ဆင်နွှဲကြဖို့ ကြေညာပြီးတဲ့နောက်မှာ မြန်မာ့အရေးအပေါ် နိုင်ငံတကာရဲ့  ထင်မြင်ချက်တွေ အပြောင်းအလဲ ဖြစ်လာတာတွေ့ရပါတယ်။

တရုတ်အစိုးရအာဘော်ဖြစ်တဲ့ ဂလိုဘလ်တိုင်းသတင်းစာက အန်အယ်ဒီပါတီကို မြန်မာနိုင်ငံရဲ့ တရားဝင်ပါတီဖြစ်နေဆဲဖြစ်ကြောင်းဖေါ်ပြထားပြီး ပါတီကို တရုတ်နိုင်ငံရဲ့ ဗီဒီယိုကွန်ဖရင့်မှာ ဖိတ်ကြားလိုက်ပါတယ်။ တရုတ်ကိုယ်စားလှယ်ဆွန်ကော်ရှန်းရဲ့ နောက်ဆုံး မြန်မာပြည်ခရီးစဉ်အတွင်းမှာလည်း အန်အယ်ဒီပါတီကို မဖျက်သိမ်းဖို့တောင်းဆိုတာကြောင့် စစ်အစိုးရအနေနဲ့ အန်အယ်ဒီပါတီအား မဲလိမ်၊ မဲခိုးစွပ်စွဲချက်တွေနဲ့ အပြီးတိုင်ဖျက်သိမ်းဖို့ လုပ်ဆောင်နေမှုတွေအပေါ် များစွာအဟန့်အတားဖြစ်စေခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ခုခံစစ်ဆင်နွှဲကြဖို့ ကြေညာချက်ထွက်ပေါ်လာတဲ့အပေါ် တရုတ်အစိုးရက သူ့ရဲ့ကာလရှည်ကြာမူဝါဒဖြစ်တဲ့ မြန်မာပြည်ရဲ့ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူကို ဆက်လက်ဆုပ်ကိုင်ထားမှာဖြစ်ကြောင်း ထပ်လောင်းပြီး အခိုင်အမာပြောဆိုထားပါတယ်။

တဆက်တည်းမှာပဲ  အမေရိကန်နဲ့ အနောက်နိုင်ငံတွေအနေနဲ့  မြန်မာပြည်မှာ ပြည်တွင်းစစ်တခုဖြစ်လာဖို့ အားပေးတာကို ရှောင်ရှားသင့်ကြောင်း ထောက်ပြထားပါတယ်။ တရုတ်အနေနဲ့သူ့ရဲ့ အိမ်နီးနားချင်းမှာ  စစ်မီးတောက်လောင်လာမှာကို မလိုလားကြောင်း အတိအလင်းထုတ်ဖေါ်ပြောဆိုလိုက်တာပါပဲ။ တရုတ်တနိုင်ငံတည်းသာမဟုတ် အာဆီယံနိုင်ငံတွေကလည်း ဒီလို သဘောထားမျိုးထပ်တူရှိကြောင်း တရုတ်သတင်းစာအာဘော်က ဆိုထားပါတယ်။ မြန်မာနိုင်ငံအတွင်း မငြိမ်မသက်၊ ပရမ်းပတာဖြစ်နေမယ်ဆိုရင်၊ ဒုက္ခသည်တွေ တရုတ်နိုင်ငံထဲဝင်ရောက်လာမှာဖြစ်တဲ့အပြင်၊ တရုတ်စီးပွားရေးနဲ့ ရင်းနှီးမြုပ်နှံမှုတွေအပေါ်လည်း ဆိုးဆိုးဝါးဝါး ခြိမ်းခြောက်မှုခံရမှာဖြစ်ကြောင်း တရုတ်ရဲ့ စိုးရိမ်ပူပန်မှုကို ဖေါ်ပြထားပါသေးတယ်။ ဒါ့အပြင်တရုတ်အနေနဲ့ မြန်မာပြည်တွင်းအခြေအနေအနေတွေ ပိုမိုဆိုးဝါးလာစေမယ့် အမေရိကန်နဲ့ အနောက်နိုင်ငံတွေကချမှတ်တဲ့ ဘယ်လိုမူဝါဒမျိုးကိုမဆို ဆန့်ကျင်သွားမှာဖြစ်ကြောင်း သူ့ရဲ့အာဘော်ကို ရှင်းပြထားပါတယ်။ အနောက်အုပ်စုအလိုကျ ပုံစံဖေါ်ဆောင်ထားတဲ့စံနစ်ဟာ မြန်မာပြည်နဲ့ကိုက်ညီမှာမဟုတ်ကြောင်း ထင်ရှားနေတယ်လို့ ဂလိုဘလ်တိုင်း သတင်းစာအာဘော်က ဆိုထားပါတယ်။

တရုတ်ရဲ့အာဘော်အရ မြန်မာနိုင်ငံဟာ သူ့နည်းသူ့ဟန်နဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းသင့်တယ်လို့ ဆိုထားပြီး၊ အဲဒီလိုလျှောက်လှမ်းရာမှာလည်း တရုတ်နိုင်ငံက ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူးလို့ အတိအလင်းကြေညာထားတာပါ။ သဘောကတော့ အာဏာကိုထိမ်းထားနိုင်တဲ့အုပ်စုကို ဆက်ဆံရေးဆက်လက်ထူထောင်မယ်ဆိုတဲ့ သဘောပါပဲ။ တရုတ်က ဘယ်ဘက်ကမှ မရပ်တည်ဘဲ တက်လာတဲ့ အစိုးရနဲ့ ဆက်လက်ဆက်ဆံသွားမယ်ဆိုပေမဲ့ အမေရိကန်ကတော့ မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းသူတွေဘက်က အစဉ်တစိုက် ရပ်တည်ခဲ့တာတွေ့ရမှာပါ။ ဒါ့အပြင်စစ်အာဏာရှင်အစိုးရ အဆက်ဆက်အပေါ်မှာလည်း တစိုက်မတ်မတ် ဖိအားပေးဆန့်ကျင်တာတွေ၊ ပိတ်ဆို့အရေးယူတာတွေလုပ်ခဲ့တဲ့ သမိုင်းကြောင်း အထင်အရှားရှိနေပါတယ်။ အခုစစ်အာဏာသိမ်းမှုမှာလည်း သူ့ရဲ့ရှေးယခင်မူဝါဒတွေအတိုင်း စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်၊ ဖိအားပေး၊ ပိတ်ဆို့တာတွေလုပ်နေဆဲပါ။ သို့ပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ခုခံစစ်ကြေညာချက်အပေါ် အမေရိကန်အစိုးရရဲ့ တုံ့ပြန်ပုံကတော့၊  အစဉ်အလာကနေလမ်းခွဲထွက်လာတဲ့သဘောကိုတွေ့ရပါတယ်။ အမေရိကန်မီဒီယာတွေက ခုခံစစ်အနေနဲ့ ကြေညာနေသော်လည်းပဲ အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူကတော့ အကြမ်းဖက်မှုကို လက်ရှိအကျပ်အတည်းဖြေရှင်းတဲ့ နည်းလမ်းအဖြစ်အသုံးပြုတာကို အမေရိကန်အစိုးရက ခွင့်လွှတ်မှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ဒါပေမဲ့ စစ်ရေးအကဲခတ်တချို့ကတော့ အမေရိကန်ဟာ အာဖဂန်နစ္စတန်စစ်ပွဲက လက်နက်တိုက်တွေကို မြန်မာနိုင်ငံဘက်ရွှေ့ဖွယ်ရှိတယ်လို့ မှန်းချက်ထုတ်နေကြပါတယ်။ အမေရိကန်စစ်တပ်ဟာ အာဖဂန်နဲ့ ပါကစ္စတန်နယ်စပ်တွေမှာ ဒရုန်းယာဉ်ပေါ်ကပစ်ခတ်မှုတွေ အကြိမ်များစွာပြုလုပ်ခဲ့ပြီး တာလီဘန်နဲ့ အယ်ကေဒါခေါင်းဆောင်တွေကို သုတ်သင်ခဲ့တဲ့ထင်ရှားတဲ့ သာဓကတွေရှိနေပါတယ်။ လူသားပစ်မှတ်တွေအပေါ် ဒရုန်းယာဉ်နဲ့ စမ်းသပ်ပစ်ခတ်မှုတွေဟာ ရက်စက်လွန်းတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ ဝေဖန်မှုတွေ မြင့်တက်နေပေမဲ့လည်း ဒရုန်းယာဉ်အသုံးပြုတဲ့ စစ်ဆင်ရေးတွေဟာ အမေရိကန်တွေအတွက်တော့ အရှေ့အလယ်ပိုင်းစစ်ပွဲတွေကို အသာစီးရစေခဲ့ပါတယ်။ အဆိုပါဒရုန်းယာဉ်စမ်းသတ်ပစ်ခတ်မှုတွေအတွက် မြန်မာစစ်ရာဇဝတ်ကောင်တွေဟာ ပစ်မှတ်ကောင်းတွေ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ အကြမ်းဖက်ဝါဒကို အစဉ်တစိုက်ဆန့်ကျင်နေပေမဲ့ အကြမ်းဖက်တဲ့ ပြည်တွင်းစစ်တွေဖြစ်လာရင်၊ အမေရိကန်က လက်နက်ရောင်းခဲ့တဲ့သာဓကတွေကို အီရန်ကွန်ထရာသူပုန်အရေးနဲ့၊ အာဖဂန်၊ အီရတ်အရေးတွေမှာတွေ့ရပါတယ်။ လစ်ဗျားမှာ R2P ဝင်ရောက်စဉ်ကလည် အမေရိကန်အစိုးရက R2P သဘောတူညီချက်ကိုချိုးဖေါက်ပြီး လစ်ဗျားအတိုက်အခံတွေကို လက်နက်ရောင်းခဲ့လို့ ရုရှားနိုင်ငံက နောင်ဘယ်တော့မှ R2Pကိုသဘောတူတော့မှာ မဟုတ်ဘူးလို့ပြောဆိုခဲ့ဖူးပါတယ်။

အထက်ပါအစဉ်အလာတွေအတိုင်း အမေရိကန်က မြန်မာအတိုက်အခံကို လက်နက်ရောင်းမယ်ဆိုရင်တော့ ပထဝီနိုင်ငံရေးအားပြိုင်မှုတွေကြားမှာ ပြင်းထန်တဲ့စစ်ပွဲတပွဲကို မြန်မာပြည်သူတွေ ကြုံရဦးမှာပါ။

ဒီနေရာမှာအာဆီယံရဲ့အခန်းကဏ္ဍကလည်း အရေးပါတာတွေ့ရပါတယ်။ အင်အားကြီးနိုင်ငံတွေ ထိပ်တိုက်တွေမှာကို ရှောင်ရှားတဲ့အနေနဲ့ ကုလသမဂ္ဂရော၊ အမေရိကနဲ့ တရုတ်ကပါ၊ မြန်မာ့အရေးကို အာဆီယံအဖွဲ့က ဦးဆောင်ဖြေရှင်းတာကို လိုလားပါတယ်။ သူတို့ခေါင်းပေါ်က အထုတ်ရှုပ်ကို အာဆီယံအပေါ်ပြောင်းတင်ပေးလိုက်တဲ့သဘောပါပဲ။ ဒါပေမဲ့ အာဆီယံအဖွဲ့အနေနဲ့ ညီညွတ်မှုအားနည်းတဲ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီလိုမျိုး၊ နေတိုးအဖွဲ့လိုမျိုး အားကောင်း တဲ့စစ်တပ်တွေကို သုံးနိုင်တဲ့ အခြေအနေမရှိပါဘူး။ အာဆီယံမှာကိုယ်ပိုင်စစ်တပ်မရှိတဲ့အတွက် ၊ စစ်ရေးတင်းမာနေတဲ့ မြန်မာနိုင်ငံအရေးဖြေရှင်းဖို့ အရာမှာ လေပြောသာဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာစစ်ကောင်စီက၏ မထီမဲ့မြင်ပြုနေတာပါ။ အာဏာသိမ်းတာ ၇ လကြာတဲ့အထိ ဘုံသဘောတူညီချက်တွေထဲက အာဆီယံအထူးသံတမန်ခန့်အပ်တဲ့၊  ၁ ချက်ပဲ အကောင်အထည်ဖေါ်နိုင်ပါသေးတယ်။ ကျန်တာတွေ အကောင်အထည်ဖေါ်ဖို့က စစ်ကောင်စီသဘောမတူရင်မရတဲ့ အခြေအနေမှာရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကတော့ “ မြန်မာပြည်သူတွေရဲ့ လုံခြုံမှုနဲ့ကောင်းစွာနေထိုင်နိုင်မှုတွေကို နှစ်ဘက်စလုံးက ဦးစားပေးအနေနဲ့ဆောင်ရွက်သင့်တယ်” လို့  ယေဘုယျဆန်ဆန်ပြောထားပေမဲ့ နှစ်ဘက်စလုံးကတော့ စစ်ပွဲအတွက်ပြင်ဆင်နေကြပါပြီ။ တရုတ်နဲ့ အမေရိကန်၊ အီးယူတို့က အကြမ်းဖက်စစ်ပွဲတွေကို ရှောင်ရှားဖို့ အလေးပေးတိုက်တွန်းနေကြပြီး အာဆီယံကလည်း ငြိမ်းချမ်းရေးကို ဦးစားပေးစေလိုကြောင်း တဖွဖွပြောနေပေမဲ့  စင်္ကာပူ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတဲ့ နိုင်ငံတွေပါ။

နိုင်ငံရေးအရစားပွဲဝိုင်းမှာ ငြိမ်းချမ်းစွာဖြေရှင်းကြဖို့ တရုတ်၊ အမေရိကန်၊ အာဆီယံတို့က လိုလားနေကြပေမယ့်၊ ခုခံစစ်ဆင်နွဲဖို့ကြေညာပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံဟာ မလွဲမသွေ စစ်ပွဲတခုဆီကိုသွားရတော့မှာပါ။ ဒီပွဲမှာဘယ်ဘက်ကရပ်မလဲဆိုတဲ့မေးခွန်းကတော့ အာဆီယံနဲ့ တရုတ်တို့အတွက် ရှုူပ်ထွေးတဲ့စိန်ခေါ်မှုဖြစ်ပြီး၊ အမေရိကန်အတွက်ကတော့၊ အငြင်းပွားစရာမရှိဘဲ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေဘက်ကပဲ ရပ်တည်မှာသေခြာသလို မြန်မာနိုင်ငံရဲ့ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို လူထုက ရွေးချယ်ထားတဲ့ အစိုးရကသာ အသုံးပြုခွင့်ရခဲ့မယ်ဆိုရင်၊ အဲလိုအသုံးပြုခွင့်ရဖို့မှာ အထောက်အကူဖြစ်စေဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းသာ ဆက်လက်အသိအမှတ်ပြုခံရမယ်ဆိုရင် မြန်မာ့နွေဦးတော်လှန်ရေးကမွေးဖွားပေးလိုက်တဲ့ ခုခံစစ်ဟာအချိန်တိုအတွင်းမှာပဲ အောင်ပွဲဆင်နိုင်မှာဖြစ်ပါတယ်။

အေးမင်း(တာမွေ)

ရည်ညွှန်းကိုးကား- www.globaltimes.cn / thediplomat.com

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024