ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂ နှစ် ၁ကြိမ် ပြောင်းလဲကျင်းပမယ်ဆိုပါက ပြိုင်ပွဲကို သပိတ်မှောက်သွားမယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်က သတိပေးလိုက်ပါတယ်။
ဖီဖာ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအရာရှိ အာစင်ဝင်းဂါးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄ နှစ် ၁ ကြိမ် ကျင်းပနေရာကနေ ၂ နှစ် ၁ ကြိမ် ပြောင်းလဲကျင်းပဖို့အတွက် ဘောလုံးလောကအသိုင်းအဝိုင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာပါ။
နိုင်ငံအသင်းနည်းပြတွေ၊ ဘောလုံးအဖွဲ့ချုပ်တချို့နဲ့ အကြမ်းဖျင်းဆွေးနွေးမှုတွေရှိပေမယ့် ဥရောပဘောလုံးလောကကို စည်းရုံးနိုင်ဖို့တော့ ခက်ခဲနေတာဖြစ်ပါတယ်။ ၂ နှစ် ၁ ကြိမ် ကျင်းပမယ့်အဆိုပြချက်ကို လက်ခံမှာမဟုတ်ဘဲ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ကလည်း အလားတူ လက်ခံမှာမဟုတ်ကြောင်း ဥရောပဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဆက်ဖာရင်က ပြောပါတယ်။
ဖီဖာနဲ့ အာစင်ဝင်းဂါးဘက်ကတော့ နိုင်ငံအသင်းတွေအနေနဲ့ လက်ရှိ ဘောလုံးပွဲစဉ်ဇယားအတိုင်းသာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ရာသီသစ်မတိုင်ခင် ၂၅ ရက် နားရက်ရဖို့ အာမခံတယ်လို့ ဖြေရှင်းထားပါတယ်။