ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာသဘောတူစာချုပ်သစ် အင်ဒိုနီးရှားနှင့်သြစတြေးလျတို့ချုပ်ဆို

အင်ဒိုနီးရှားနဲ့ သြစတြေးလျနိုင်ငံ အစိုးရတွေဟာ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်ဖို့ သဘောတူညီချက် စာချုပ်သစ်ကို အင်ဒိုနီးရှားမြို့တော် ဂျကာတာက အစည်းအဝေးအတွင်း ပြင်ဆင်ချုပ်ဆိုခဲ့ကြပါတယ်။

ပူးတွဲလုံခြုံရေးသဘောတူညီချက်အရ သင်တန်းအပြန်အလှန် ပေးတာတွေ ပိုတိုးလုပ်ဆောင်ဖို့ စက်တင်ဘာ ၉ ရက်မှာ သဘောတူလိုက်ကြပါတယ်။

 နှစ်နိုင်ငံလုံးက နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအတွင်း ခုလို သဘောတူလိုက်ကြတာပါ။

 အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး၊ ကာကွယ်ရေးနဲ့ ဆိုင်ဘာလုံခြုံရေးအတွက် နားလည်မှု စာချွန်လွှာကိုပါ လက်မှတ်ရေးထိုးခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး နိုမာဆူဒီက ပြောပါတယ်။

 သမိုင်းမှာ ပထမဆုံးအနေနဲ့ အင်ဒိုနီးရှား ဗိုလ်လောင်းတွေ သြစတြေးလျ တက္ကသိုလ်တွေမှာ တက်ခွင့်ဖြစ်နိုင်ချေအတွက် ဆွေးနွေးခဲ့တယ်လို့ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယံတိုက ပြောပါတယ်။

 သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မာရိစ်ပိန်းနဲ့ ကာကွယ်ရေးဝန်ကြီး ပီတာဒတ်တွန်တို့ဟာ ကိုဗစ်-၁၉ ကပ်ဘေးစတည်းက ပထမဆုံးဝန်ကြီးအဆင့် ခရီးစဉ်အနေနဲ့ အင်ဒိုနီးရှား နိုင်ငံကို လာရောက်လည်ပတ်ခဲ့တာပါ။

 ဝန်ကြီးလေးယောက်ဟာ အင်ဒိုပစိဖိတ်ဒေသ ငြိမ်းချမ်း လုံခြုံရေး၊ မြန်မာနဲ့ အာဖဂန်နစ္စတန် နိုင်ငံတို့က နိုင်ငံရေး ဖြစ်ထွန်းမှုတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

 ဒါ့အပြင် မြန်မာနိုင်ငံအတွက် အရှေ့တောင်အာရှဒေသဆိုင်ရာ သံတမန်ရဲ့ ငြိမ်းချမ်းရေး အားထုတ်မှုတွေကို ထောက်ခံကြောင်း ဖော်ပြခဲ့ကြတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

More News
Up