NUG စစ်ကြေညာမှု အာဆီယံ၏ပျက်ကွက်ရှုံးနိမ့်မှုကို ထင်ဟပ်နေဟု မလေးရှားဝန်ကြီးပြော

မြန်မာနိုင်ငံရဲ့ NUG အစိုးရက အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်ဖို့ ခုခံစစ်ကြေညာလိုက်ခြင်းဟာ အာဆီယံရဲ့ အခန်းကဏ္ဍပျက်ကွက်မှု ရှုံးနိမ့်မှုကို ထင်ဟပ်နေတယ်လို့ မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဆိုင်ဖူဒင်အဗဒူလာက ပြောပါတယ်။
စက်တင်ဘာလ ၈ ရက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးအင်စတီကျု (ISIS) မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံရဲ့ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုတွေကို ရန်ကုန်မြို့ရှိ မလေးရှားသံရုံးကလည်း အနီးကပ် စောင့်ကြည့်နေတယ်လို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ပြီးခဲ့တဲ့ခြောက်လအတွင်း တိုးတက်မှုမရှိခဲ့ပေမယ့် မြန်မာနိုင်ငံက ပဋိပက္ခကိုဖြေရှင်းဖို့ အာဆီယံ ၁၀ နိုင်ငံခေါင်းဆောင်တွေ အခွင့်အပ်နှင်းထားတဲ့ အချက်ငါးချက်ပါ သဘောတူညီချက်ကို အာဆီယံက ဖော်ဆောင်ပေးဖို့ ကတိပြုထားတယ်လို့ ဆိုင်ဖူဒင်က အလေးအနက် ပြောကြားခဲ့ပါတယ်။
လက်ရှိအာဏာသိမ်း စစ်ကောင်စီအုပ်စုကို ဆန့်ကျင်ဖို့ NUG အစိုးရရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး ဆိုင်ဖူဒင်ဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ဧရာဝဏ်ယူဆော့ဖှ်နဲ့ ဆွေးနွေး စကားပြောဆိုဖို့ ရှိနေပါတယ်။
အာဆီယံ အထူးသံတမန်ကိုဆက်သွယ်ပြီးတော့ တခြားလုပ်နိုင်တာ ဘာတွေရှိမလဲ၊ ဘယ်လောက်မြန်မြန်တွန်းလုပ်နိုင်မလဲ ဆိုတာတွေကို ကြည့်မယ်လို့ ဆိုပါတယ်။
အချက်ငါးချက်ပါ အာဆီယံ သဘောတူညီချက်ကို ခုထိ အကောင်အထည် မဖော်နိုင်သေးတဲ့အပြင် အထူးသံတမန်လည်း သက်ဆိုင်သူအားလုံးနဲ့ အမြန်ဆုံးတွေ့ဆုံဖို့ ခုထိ မြန်မာနိုင်ငံကို မသွားရောက်ရသေးတာကိုလည်း အာဆီယံအဖွဲ့ဝင် မလေးရှားက စိတ်ပျက်နေတာပါ။