စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက ဒိုးနွယ်ကျေးရွာအနီးမှာ အကြမ်းစစ်တပ်က ပစ်သတ်ခဲ့တဲ့ အလောင်း ၃ လောင်းကို စက်တင်ဘာ ၈ ရက် မနက်ပိုင်းက တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ကျနော်တို့ရွာမှာ ဒီစစ်ခွေးတွေ တပ်စွဲနေကြတယ်။ မနေ့က စတင်ဘာ ၇ ရက်နေ့ကတော့ ကျနော်တို့ ဒိုးနွယ်ရွာနဲ့ ကျောက်ဖူးရွာကြားမှာ ပြည်သူကာကွယ်ရေးတပ် PDF နဲ့ တိုက်ပွဲဖြစ်သေးတယ်။ စစ်ခွေးတွေဘက်က အကျဆုံးများလို့ ဒီကောင်တွေ ရှုံးမဲ မဲတာလို့ ပြောလို့ရတယ်ဗျ။ ဘာလို့လဲဆိုတော့ အခုသေဆုံးတဲ့ အရှေ့စည်ရွာဦးဝင်းအောင်နဲ့ ကိုရှိုင်းဝဏ္ဏအောင်ကတော့ သာမာန်အရပ်သားတွေပဲ။ တစ်ဦးကတော့ ကျနော်လည်းမသိဘူး။”
ဒိုးနွယ်ရွာက နေအိမ် ၄ လုံးကိုလည်း စက်တင်ဘာ ၇ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ စက်တင်ဘာ၈ ရက်နေ့ မနက်ပိုင်းမှာ တင်သားကျေးရွာ၊ ကြံသာကျေးရွာ၊ အောင်သာယာကျေးရွာတွေကို အကြမ်းဖက်ရှာဖွေ ဖမ်းဆီးနေတာကြောင့် ဒေသခံရွာသား ထောင်နဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။
စက်တင်ဘာ ၇ ရက်နေ့က ကလေး PDF နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၄ ဦးသေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲတယ်လို့ ကလေး PDF က ထုတ်ပြန်ထားပါတယ်။