အောင်ပန်း၊ အေးသာယာ၊ ရွှေညောင်၊ တောင်ကြီး PDF ၄ ဖွဲ့ပူးပေါင်း

ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်တပ်နဲ့ နောက်လိုက်လက်ပါးစေတွေကို တော်လှန်သွားဖို့ အောင်ပန်း၊ အေးသာယာ၊ ရွှေညောင်၊ တောင်ကြီး မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၄ ဖွဲ့ ပူးပေါင်းလိုက်တယ်လို့ ဒီကနေ့ စက်တင်ဘာ ၈ ရက်မှာ ကြေညာပါတယ်။

ညီနောင်မဟာမိတ် ၄ ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေး ရှေ့ဆက်လုပ်ငန်းစဉ်တွေမှာ   စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေး၊  စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီရရှိရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အတူတကွ တိုက်ပွဲဝင်သွားမယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေး ကာလဟာ ၇ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ် ပြန်ချက်အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁၀၅၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၈,၀၀၀ နီးပါး ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up