Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ရှောင်ကြဉ်ရန် အာဆီယံနှင့် အနောက်နိုင်ငံတချို့ တိုက်တွန်း
DVB
·
September 8, 2021

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စစ်ကြေညာပြီးနောက် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရှောင်ကြဉ်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ခွင့်ပြုဖို့ အာဆီယံနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံမှ အဖွဲ့ပေါင်းစုံကို တိုက်တွန်းလိုက်တယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။ 

ဒီကနေ့ အကြမ်းဖက်မှုသတင်းတွေ ချက်ချင်း မကြားရသေးပေမယ့် ရန်ကုန်မြို့မှာတော့ လုံခြုံရေးတပ်ဖွဲ့တွေကို အင်အားတိုးထားပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တီကုဖိုင်ဇာဆာယက်က တော့ အဖွဲ့အားလုံးဟာ မြန်မာပြည်သူတွေရဲ့ လုံခြုံရေးနဲ့ သာယာဝပြောမှုကို ဦးစားပေးရမှာဖြစ်ပြီး မြေပြင်အခြေအနေလုံခြုံဘေးကင်းရင်တော့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို ဖြန့်ဝေနိုင်မယ်လို့ ဆိုပါတယ်။ 

NUG ကြေညာချက်ဟာ မြန်မာ့လူမှုကွန်ရက်ပေါ်မှာ အခိုင်အမာထောက်ခံမှု ရရှိခဲ့တယ်လို့ International Crisis Group မှ မြန်မာ့အရေးကျွမ်းကျင်သူ  ရစ်ချတ်ဟိုဆေးက ပြောပါတယ်။

ဒါပေမဲ့ အတိုက်အခံအင်အားစုတွေက လက်နက်အင်အားတောင့်တဲ့ မြန်မာစစ်တပ်ကို တိုက်ခိုက်နိုင်တဲ့စွမ်းရည်ရှိနေလား  ဒါမှမဟုတ် NUG ရဲ့ ကြေညာချက်ဟာ သူ့ကို ထောက်ပံ့ကူညီပေးမယ့် တခြားနိုင်ငံတွေအတွက် ပိုခက်ခဲအောင် လုပ်မိလိုက်သလိုဖြစ်မလား ဆိုတာ မရှင်းလင်းသေးဘူးလို့လည်း  ဆိုပါတယ်။ 

စစ်အာဏာသိမ်းမှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး“ အားလုံးပါဝင်ဆွေးနွေးအဖြေရှာဖို့” တိုက်တွန်းပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Pete Vowles က ဖေ့စ်ဘွတ်မှာ ရေးထားပါတယ်။ 

အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ ပြည်သူတွေရဲ့ခုခံစစ် ကြေညာချက်ကိုသတိပြုမိပြီး အကူအညီတွေနဲ့ ဆေးဝါးတွေ ပေးအပ်နိုင်ဖို့ ငြိမ်းချမ်းရေးကို တောင်းဆိုတဲ့ အကြောင်း RFA သတင်းမှာ ဖော်ပြပါတယ်။

အနောက်နိုင်ငံတွေက စစ်အုပ်စုကို ဖိအားပေးဖို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ချိန်မှာ အာဆီယံအဖွဲ့က သံတမန်ရေးဆိုင်ရာအဖြေရှာရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ တိုးတက်မှုမရှိလို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ ဒေါသထွက် စိတ်ပျက်ခဲ့ရပါတယ်။

ကိုးကား - REUTERS

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024