စဉ့်ကူးမြို့နယ်အတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့်အိမ် သုံးနေရာ ဗုံးပေါက်ကွဲ

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနဲ့ နေအိမ်တွေမှာ စက်တင်ဘာ ၇ ရက် ညနေပိုင်းက ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စဉ့်ကူးမြို့နယ်အတွင်းရှိ လက်ပန်လှအုပ်ချုပ်ရေးမှူးရုံး၊ နွယ်ရုံရွာ‌နေရှောက်ပင်ရိုးအုပ်စု အုပ်ချုပ်ရေးမှူးအိမ်နဲ့ ကျည်တောက်ပေါက် အုပ်ချုပ်ရေးမှူးအိမ်တို့မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

“ပေါက်ကွဲသံအကျယ်ကြီးပဲ ကျည်တောက်ပေါက်အုပ်ချုပ်ရေးမှူးအိမ်ထဲမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေကလည်း ပြန်ပစ်တယ်ပြောတယ်။ ဖြစ်ပြီးပြီးချင်း ခဏကြာတော့ စစ်သားတွေ ရောက်လာပြီး လမ်းပိတ်၊ လူတွေ အကုန်စစ်နေတာ တွေ့တာပဲ” လို့ ဒေသခံတဦးက ပြောပါတယ် ။

ဗုံးပေါက်ကွဲမှုကြောင့် လူတွေ ထိခိုက်ဒဏ်ရာရမှု ရှိ၊ မရှိနဲ့ အဆောက်အအုံတွေ ပျက်စီးမှု ရှိ၊ မရှိ သိရှိနိုင်ဖို့ DVB က ဆက်လက်စုံစမ်းနေပါတယ်။ 

စဉ့်ကူးမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ဘယ်အဖွဲ့တွေကမှ သူတို့ရဲ့ လက်ချက်လို့ ကြေညာချက်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ 

စက်တင်ဘာ ၇ ရက် ညပိုင်းက မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ကျေးရွာတချို့မှာလည်း ဗုံးပေါက်ကွဲတာတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

More News
Up