လူအယောက် ၁၀၀ ကျော်ကို သူပုန်အဖွဲ့ သတ်ဖြတ်ခဲ့ဟု ဆီးရီးယားပြော

634
အယ်ကိုင်းဒါးနဲ့ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ နက်စရာ (Nusra) တပ်ဦးသူပုန်အဖွဲ့က ဆီးရီးယားရဲ မြို့တော်ဆင်ခြေဖုံးမှာ လူအယောက် ၁၀၀ ကျော်ကို ဒီဇင်ဘာ ၁၁ ရက်နေ့က သတ်ဖြတ်ခဲ့တယ်လို့ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂကို မနေ့က ပေးပို့ တိုင်ကြားတဲ့စာမှာ အဲဒီ အကြမ်းဖက်အုပ်စုဟာ အစိုးရ၀န်ထမ်းတွေရဲ့ အိမ်ရာတွေကို မီးရှို့ခဲ့ပြီး အရပ်သားတွေကိုလည်း ဒိုင်းအကာအကွယ်အဖြစ် အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံပေါင်း ၈၀ ကျော်က အစွန်းရောက်တွေဟာ ဆီးရီးယားနိုင်ငံထဲကို အစုလိုက်အပြုံလိုက် ခိုးဝင်လာကြပြီး အကြမ်းဖက်လုပ်ငန်းတွေကို လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁၆ ရက်နေ့မှာတော့ ဆီးရီးယား အလုပ်သမားသမဂ္ဂအသင်းဝင် ရာနဲ့ချီပြီး ဒမာစကတ် မြို့တော်က ကုလသမဂ္ဂရုံးရှေ့မှာ သူပုန်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ သူပုန်တွေကို ထောက်ပံ့နေတဲ့ ပြည်ပနိုင်ငံတွေကို အပြင်းအထန် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
“ဆော်ဒီအာရေးဗီးယား၊ ကာတာနဲ့ တူရကီနိုင်ငံတို့က အကြမ်းဖက်သမားတွေကို ထောက်ပံ့နေတယ်” လို့ ဆီးရီးယား အလုပ်သမားသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူး ရှာဘန်း အက်ဇက် Shaaban Azzouz က စွပ်စွဲလိုက်ပါတယ်။
ဆီးရီးယားသူပုန်တွေဟာ သူတို့ သိမ်းပိုက်ထားတဲ့ အဓိက မြို့ ၃ မြို့ကို ဆုံးရှုံးလိုက်ရပြီး နောက်ပိုင်း မြို့တော် ဒမာစကတ်အနီးမှာ တိုက်ပွဲတွေ ပိုပြင်းထန်နေပါတယ်။
