ဗီယက်နမ် မြို့တော်ဟနွိုင်းတွင် ကိုဗစ်-၁၉ ကန့်သတ်ချက်များ သီတင်းနှစ်ပတ် သက်တမ်းတိုး

ဗီယက်နမ်နိုင်ငံရဲ့ မြို့တော်ဟနွိုင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု ထိန်းချုပ်ရေးအတွက် ကန့်သတ်ချက်တွေကို နောက်ထပ် သီတင်းပတ်နှစ်ပတ် ဆက်ပြီး သက်တမ်းတိုးမယ်လို့ စက်တင်ဘာ ၆ ရက်က ကြေညာလိုက်ပါတယ်။ 

ကူးစက်မှု တိုးလာတာကို ထိန်းချုပ်ရေးအတွက် မြို့တော်အတွင်း ကူးစက်ကပ်ဘေး မြင့်မားတဲ့ နေရာတွေမှာ ပြည်သူ ၁ ဒသမ ၅ သန်းကို ကူးစက်မှု ရှိ၊ မရှိ စမ်းသပ်မယ့် အစီအစဉ်ကိုလည်း အာဏာပိုင်တွေက စတင်လိုက်ပါတယ်။

ဟနွိုင်းမြို့တော်မှာ ဇူလိုင်လတည်းက ခုထိ ပြည်သူတွေ အိမ်ထဲမှာပဲ နေကြဖို့နဲ့ မဖြစ်မနေ မဟုတ်တဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်ထားဖို့ အမိန့်ထုတ်ထားပါတယ်။

အခုတော့ ကူးစက်မှုဘေးအပေါ် မူတည်ပြီး မြို့ကို အနီရောင်၊ လိမ္မော်ရောင်နဲ့ အစိမ်းရောင်ဇုန် ၃ ခု ခွဲထားပါတယ်။

အနီရောင်ဇုန်ထဲက လူတွေ အမိုးအကာအောက်မှာပဲ နေရမှာဖြစ်ပြီး အိမ်သားတိုင်း တပတ်ကို ၃ ကြိမ် ကူးစက်ခံ ဟုတ်၊ မဟုတ် စစ်ဆေးခံရမယ်လို့ မြို့ အာဏာပိုင်တွေက ကြေညာချက် ထုတ်ပြန် ထားပါတယ်။

တခြားဇုန်တွေက ပြည်သူတွေကတော့ ၅ ရက်တိုင်း ဒါမှမဟုတ် ၇ ရက်တိုင်းမှာ တခါ ကူးစက်ခံ ဟုတ်၊ မဟုတ် စစ်ဆေးခံရမှာ ဖြစ်ပါတယ်။

စက်တင်ဘာ ၅ ရက်နေ့အထိ စာရင်းအင်းအရ လူဦးရေ ၈ သန်းရှိတဲ့ ဟနွိုင်းမြို့တော်မှာ ဒေသခံ သုံးပုံတပုံက ကာကွယ်ဆေး အပြည့်ထိုးပြီးပါပြီ။

ဟနွိုင်းနဲ့ ဟိုချီမင်းစီးတီးမြို့တွေက အရွယ်ရောက်ပြီးသူတိုင်း စက်တင်ဘာ ၁၅ ရက် နောက်ဆုံးထားပြီး အနည်းဆုံး တကြိမ် ကာကွယ်ဆေးထိုးကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဆော်သြထားပါတယ်။

လူဦးရေ ၉၈ သန်းရှိတဲ့ ဗီယက်နမ်မှာ ပြည်သူ ၃ ဒသမ ၃ ရာခိုင်နှုန်းသာ ကာကွယ်ဆေးအပြည့် ထိုးနှံပြီးစီးထားလို့ ဒေသတွင်း ကာကွယ်ဆေးထိုးနှုန်း အနိမ့်ဆုံးတနိုင်ငံ ဖြစ်နေပါတယ်။

More News
Up