ဗြိတိန်လေယာဉ်တင်သင်္ဘော တိုကျိုမြို့အနီး ဆိုက်ကပ်

ဗြိတိန်စစ်တပ်ဟာ သူ့ရဲ့ HMS ကွင်း အဲလိဇဘက် လေယာဉ်တင်သင်္ဘောကို မြို့တော်တိုကျိုနားက ရေတပ်အခြေစိုက်စခန်းမှာ စက်တင်ဘာ ၆ ရက်က ဆိုက်ကပ်ခဲ့ပါတယ်။
ဒါဟာ တရုတ်ရဲ့ သြဇာကြီးလာချိန်မှာ ခြေကုပ်တွေရဖို့ကြိုးစားရေး ဒေသတွင်းမှာ ဗြိတိန်ရဲ့ အမြဲတမ်း စစ်တပ်ကို စထားတဲ့ အထိမ်း အမှတ် ဖြစ်ပါတယ်။
သင်္ဘောကို ဂျပန်ကာကွယ်ရေးတပ်ကို ပြသခဲ့ပြီး ဂျပန်ကာကွယ်ရေးဝန်ကြီး နိုဘုအိုခိရှိနဲ့ ဂျပန် အကြီးတန်း စစ်ဦးစီးမှူးတွေကိုလည်း လေယာဉ်တင်သင်္ဘောပေါ်မှာ လိုက်လံ ပြသခဲ့ပါတယ်၊
ဗြိတိန်တော်ဝင်ရေတပ် အရာရှိတွေက သင်္ဘောကုန်းပတ်ပေါ်က F-35B စတဲ့လ်သ် တိုက်လေယာဉ်တွေကြားမှာ လမ်းလျှောက်ရင်း ဒီလေယာဉ်တွေပျံတက်ပုံကို ရှင်းပြခဲ့ ပါတယ်။
“ဂျပန်နိုင်ငံဆီ ခရီးဟာ အများကြီး အရေးကြီးပြီး ကျွန်တော်တို့အတွက် အထင်ကရ ရှိပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေကစရင် ဒါဟာ ဂျပန်ကို ဗြိတိန်လေယာဉ်တင်သင်္ဘောလာတာ ပထမဆုံး အကြိမ်ပါပဲ၊ ဒါဟာ အင်ဒိုပစိဖိတ်ဒေသအတွက် ကျွန်တော်တို့ ကတိကို မြင်နိုင်တဲ့ အကောင်းဆုံး သက်သေပါ”လို့ ရေတပ်ဦးစီးမှူး စတိဗ် မိုးဟောက်စ်က သင်္ဘောပေါ်မှာ ပြောပါတယ်။
ဒီသင်္ဘောဟာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၅ ဘီလီယံ တန်ကြေးရှိတယ်လို့ ရိုက်တာ သတင်းဌာနက အစီရင်ခံပါတယ်။
ဗြိတိန်အစိုးရဟာ ဥရောပသမဂ္ဂကနေ နုတ်ထွက်အပြီး ကမ္ဘာပေါ်မှာ သူ့အခြေစိုက်စခန်းတွေ ပိုများများ ရှိဖို့ ကြိုးစားနေလို့ အင်ဒိုပစိဖိတ် ဒေသထဲမှာ ဗြိတိန် စစ်သင်္ဘော ၂စီး ဆက်ထားမယ်လို့ ဆိုပါတယ်။
ယိုခိုစုခါ့ ဆိပ်ကမ်းဟာ အမေရိကန်ရဲ့ USS ရော်နယ်ရေဂင် လေယာဉ်တင်သင်္ဘော အခြေစိုက်ရာ ဆိပ်ကမ်းပါ၊ ဗြိတိန်ရဲ့ ကွင်းအဲလိဇဘက် လေယာဉ်တင်သင်္ဘောဟာ စီးပွားရေး သဘောတူညီချက်တွေ အရှိန်မြှင့်ချုပ်ဆိုနိုင်ရေး ရည်မှန်းပြီး ထိပ်တန်း ဂျပန်ကုမ္ပဏီတွေက အမှုဆောင် အရာရှိတွေလာလည်ပတ်ဖို့ ဧည့်ခံနိုင်ရေး စီစဉ်ထားတယ်လို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။