Home
မြန်မာသတင်း
စားသောက်ကုန်ဈေးနှုန်း မြင့်မားစွာမတက်ဟု အကြမ်းဖက် စစ်ခေါင်းဆောင်ပြော
DVB
·
September 7, 2021

မြန်မာနိုင်ငံအနေနဲ့ စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းတွေ ကြိုးစားဆောင်ရွက်ခဲ့လို့ ကုန်ဈေးနှုန်းမြင့်တက်မှုတွေ မြင့်မားစွာ မဖြစ်ပေါ်ခဲ့ဘူးလို့ အာဏာသိမ််းစစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၆ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၁)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။ 

“မိမိတို့နိုင်ငံအနေဖြင့် စားသောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများအား ကြိုးစားဆောင်ရွက်ခဲ့သဖြင့် ကုန်ဈေးနှုန်းမြင့်တက်မှုများမြင့်မားစွာ မဖြစ်ပေါ်ခဲ့ကြောင်း၊ အချို့နိုင်ငံများတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းအတွက်အလုပ်သမားများ ရှားပါးမှုကြောင့် စားသောက်ကုန်များ ဈေးနှုန်းများ အလွန်မြင့်မားစွာ မြင့်တက်လျက်ရှိသည်ကို သတင်းများတွင် တွေ့ရှိရကြောင်း၊ ယခုအချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် ပြည်တွင်း၌ စားသောက်ကုန်များ ဖူလုံစွာထုတ်လုပ်နိုင်ပါက နိုင်ငံအနေဖြင့်များစွာ အဆင်ပြေမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် ကုန်ကျစရိတ်များနှင့် သောကများ သက်သာရာရမည်ဖြစ်ကြောင်း၊” စစ်ခေါင်းဆောင်က ပြောပါတယ်။

ကုန်ဈေးနှုန်းတွေ မြင့်မားစွာမတက်ဘူးလို့ စစ်ခေါင်းဆောင်က ပြောနေပေမဲ့ လက်ရှိ ပြည်တွင်းမှာ မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင် ထိုးကျသွားပြီး စားသောက်ကုန်တွေအပါအဝင် သွင်းကုန်ပစ္စည်းတွေ အဆင်မတင် မြင့်တက်နေတာဖြစ်ပါတယ်။

ဒါ့အပြင် ဆေးခါးကြီး၊ ဆင်တုံးမနွယ်စတဲ့ တိုင်းရင်းဆေးနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးရော၊ ကုသဆေးပါ ဖော်ကြဖို့နဲ့ အောင်မြင်မှုအခြေအနေပေါ်မူတည်ကာ နိုင်ငံတကာကို ကြေညာဖို့လည်း စစ်ခေါင်းဆောင်က တိုက်တွန်း ပြောသွားပါတယ်။

“ပြည်တွင်းမှ တိုင်းရင်းဆေးဖြင့် ကုသဆေး ထုတ်လုပ်ရန် ဆောင်ရွက်နေမှုများကို စနစ်တကျသုတေသနပြုလုပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းဆေးနှင့်ပတ်သက်၍ မြန်မာ့ဆေးကျမ်းပါ ဆေးခါးကြီး၊ ဆင်တုံးမနွယ်၊ နံ့သာဖြူ၊ ဂျင်း တို့ဖြင့် စမ်းသပ်သုတေသနပြုလုပ်ရာတွင် ကာကွယ်ဆေးအပြင် ကုသဆေးအတွက်ပါ  နှစ်မျိုးလုံး ထုတ်လုပ်နိုင်အောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ အစိုးရ၊ တပ်မတော်အပြင် ပုဂ္ဂလိက ဆေးထုတ်လုပ်ရေးစက်ရုံများဖြင့် အင်တိုက် အားတိုက် ဆောင်ရွက်ကြရ မည်ဖြစ်ပြီး ဝန်ကြီးဌာနများအလိုက် ပေါင်းစပ် ဆောင်ရွက် သွားရန်နှင့် FDA အသိ အမှတ်ပြုရေးနှင့် အောင်မြင်မှု အခြေအနေပေါ်မူတည်၍ နိုင်ငံတကာမှ သိရှိနိုင်ရေး ကြေညာလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊” ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဇူလိုင်လအတွင်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးသူရဲ့ ၃၃ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းကျော်အထိ တွေ့ရှိခဲ့ပေမဲ့ အခုစက်တင်ဘာလဆန်းမှာတော့  ပျမ်းမျှပိုးတွေ့နှုန်း ၁၀ ဒသမ ၃၇ ရာခိုင်နှုန်း သာရှိတော့လို့  ကူးစက်မှုနှုန်း များစွာကျဆင်းသွားတယ်လို့ ဆိုပါတယ်။

လူတစ်သိန်းတွင်ကူးစက်မှုကို အချိုးချတွက်ချက်ခဲ့ရာ  ကယားပြည်နယ်မှာ လူတစ်သိန်းကို ကူးစက်သူဦးရေ ၁၉၃ ဦးနဲ့ ကူးစက်မှု နှုန်းအများဆုံးဖြစ်ပြီး ကချင်ပြည်နယ်က လူတစ်သိန်းတွင်ကူးစက်သူဦးရေ  ၉၆ ဦးနဲ့ ဒုတိယအများဆုံးဖြစ်ကာ တနင်္သာရီတိုင်းက လူတစ်သိန်းမှာ  စက်သူဦးရေ ၈၄ ဦးတွေ့ရှိပြီး တတိယအများဆုံးဖြစ်တယ်လို့ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ စုစုပေါင်း ၁၅,၉၈၅ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၁၇,၉၇၁ ယောက် ရှိခဲ့လို့ စစ်ကောင်စီကျန်းမာရေးဌာနကရဲ့ မနေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။

Photo-DSINFO

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024