Home
မြန်မာသတင်း
စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်း NUG ကြေညာ
DVB
·
September 7, 2021

စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက စက်တင်ဘာ ၇ ရက် ဒီနေ့မနက်  ကြေညာလိုက်ပါတယ်။ 

PDF တပ်ဖွဲ့တွေအနေနဲ့ စစ်အာဏာရှင်နဲ့ ဒေါက်တိုင်အဖွဲ့စည်းတွေကို တိုက်ခိုက်ချေမှုန်းကြဖို့၊ ပြည်သူလူထုအနေနဲ့ မလိုအပ်ပဲ ခရီးမသွားဘဲ တစ်ဦးချင်းလုံခြုံမှုကို အထူးဂရုစိုက်ဖို့၊ လိုအပ်မယ့် ရိက္ခာဆေးဝါးတွေကို စုဆောင်းထားကြဖို့၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ အားလုံးကလည်း အကြမ်းဖက်စစ်အုပ်စုကို ချက်ချင်းတိုက်ခိုက်သွားကြဖို့၊ စစ်အာဏာရှင်အုပ်ချုပ်ရေးကို ပြည်သူ့အားနဲ့ တိုက်ဖျက်ကြဖို့လည်း ယာယီသမ္မတကြီးက ပြောပါတယ်။

ဒါ့အပြင် တော်လှန်ခြင်းသည် တရားမျှတသောတော်လှန်ခြင်း ဖြစ်ပြီး အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကနားလည်ပေးကြဖို့ အပါအဝင် အချက်(၁၄)ချက်ကို ထည့်သွင်း ပြောကြားသွားပါတယ်။ ဒါ့အပြင် စစ်အာဏာရှင် တော်လှန်ရေးအတွက် မြန်မာနိုင်ငံတဝန်းကို စက်တင်ဘာ ၇ ရက်နေ့ကစလို့ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည် ထူထောင်နိုင်တဲ့ အချိန်အထိ သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ စစ်ရေး ပဋိပက္ခအခြေအနေတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတကြီး ဒူဝါလရှီးလက  ပြည်သူလူထုကို  အရေးပေါ်ပြောကြားသည့် မိန့်ခွန်း အပြည့်အစုံ

“ပြည်ထောင်စုနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထုအပေါင်းတို့ခင်ဗျာ… လွန်ခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထု တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရကို အာဏာသိမ်းပြီး အာဏာရှင်စစ်ကောင်စီကို ထူထောင်ခဲ့ပါတယ်။ အကြမ်းဖက်စစ်အုပ်စုမှ အာဏာလုယူပြီးနောက်ပိုင်း ပြည်သူပြည်သားများအနေနဲ့ တရက်မှ ပျော်ရွှင်မှုမရခဲ့ပါ။ ပြည်သူလူထုရဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို ရက်စက်ယုတ်မာစွာ ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးချုပ်နှောင်ခြင်း ပုဒ်မအမျိုးမျိုးတပ်၍ ထောင်သွင်းအကျဉ်းချထားခြင်း အဆက်မပြတ် လုပ်ဆောင်နေသည်မှာ ၈ လသို့ပင် ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ယခုအခါ အကြမ်းဖက်စစ်ကောင်စီတပ်များသည် လူနေရပ်ကွက်များ၊ ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများ၊ စာသင်ကျောင်းများမှာ တပ်စွဲလျက် ပြည်သူလူထုအား အနီးကပ် ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ပြည်သူပိုင် ဥစ္စာပစ္စည်းများအား ဓားပြတိုက်ခြင်း၊ ကျေးရွာများကို မီးရှို့ ဖျက်ဆီးခြင်း စတဲ့ လူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက် ကျူးလွန်နေတာ တကမ္ဘာလုံး အသိ ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ ဗမာ့တရားနည်းလမ်းနဲ့အညီ သည်းခံခဲ့ပေမဲ့ အကျိုးထူးလာဖွယ် မရှိတဲ့အတွက် အကြမ်းဖက် စစ်ကောင်စီကို နည်းလမ်းမျိုးစုံဖြင့် ခုခံဆန့်ကျင်နေတာ တွေ့ရပါတယ်။ ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တာဝန်ရှိတဲ့အလျောက် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် အကြောင်းပေါ်ပေါက်လာတဲ့အတွက် အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

(၁) ယနေ့ စက်တင်ဘာ ၇ ရက်၊ တော်သလင်းလဆန်း ၂ ရက်နေ့မှစ၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စတင်ပြီဖြစ်တယ်။ တော်လှန်ရေးသည် ပြည်သူလူထုရဲ့ တော်လှန်ရေးဖြစ်တဲ့အတွက် မြန်မာနိုင်ငံတဝန်းလုံးရှိ ပြည်သူပြည်သားများ အားလုံး မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြပါ။

(၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိဒေသအတွင်းရှိ စစ်အာဏာရှင်နဲ့ ၎င်းတို့ရဲ့ ဒေါက်တိုင်များကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။

(၃) စစ်ကောင်စီခန့် အဆင့်ဆင့်သော အုပ်ချုပ်ရေးမှူးများအားလုံး ချက်ချင်း အလုပ်ကနေ စွန့်ခွာကြပါ။

(၄) ပီဒီအက်ဖ်တွေအနေနဲ့ ပြည်သူတို့ရဲ့ အသက်အိုးအိမ်ကို သတိထား ကာကွယ်စောင့်ရှောက်ပါ။ အထက်က ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာပါ။ ပြည်သူ့ကာကွယ်ရေးတပ်မှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို တသဝေမတိမ်း လိုက်နာကြပါ။ 

(၅) ပြည်သူ့လုံခြုံရေးတပ်တွေအနေနဲ့ မိမိတို့ဒေသ မြို့ရွာ ရပ်ရွာဒေသများရှိ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။ 

(၆) ပြည်သူများအနေဖြင့် ဒီနေ့မှစပြီး မလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုကြဘဲ တဦးချင်းရဲ့ လုံခြုံမှုကို အထူးဂရုစိုက်ကြပါ။ လိုအပ်တဲ့ ရိက္ခာ၊ ဆေးဝါးများ စုဆောင်းထားကြပါ။ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီစောင့်ရှောက်ကြပါ။ စစ်ကောင်စီတပ်များရဲ့ လှုပ်ရှားမှုသတင်းများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များသို့ အချိန်မီ ပေးပို့ကြပါ။

(၇) တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အားလုံးကလည်း မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်အုပ်စုကို နည်းမျိုးစုံနဲ့ ထိန်းချုပ်ထားကြပါ။ စစ်အာဏာရှင် အုပ်ချုပ်ရေးယန္တရားကို ပြည်သူ့အားဖြင့် တွန်းလှန်တိုက်ဖျက်ကြပါ။

(၈) တဆက်တည်းမှာ ပြည်သူ့အုပ်ချုပ်ရေးသို့ ပြောင်းလဲရန် ပြည်သူလူထုနှင့် ညှိနှိုင်းဆောင်ရွက်ကြပါ။ 

(၉) အကြမ်းဖက်စစ်အုပ်စု၏ လှည့်ဖြားမှုတွင် နားယောင်ခဲ့သည့် နယ်ခြားစောင့်တပ်တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေကလည်း ယနေ့မှစ၍ ပြည်သူများနှင့် ပူးပေါင်းပြီး ပြည်သူ့ရန်သူတွေကို စတင်ရင်ဆိုင်တိုက်ခိုက်ကြပါ။

(၁၀) လက်ရှိတော်လှန်းရေးက တရားနည်းလမ်းကျတဲ့ တော်လှန်ရေးဖြစ်သည်။ ရေရှည်ငြိမ်းချမ်းသောနိုင်ငံ တည်ဆောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ တော်လှန်ရေး ဖြစ်တယ်။

(၁၁) မိမိတို့နိုင်ငံရဲ့ ပကတိအခြေအနေ လိုအပ်ချက်ကြောင့် လုပ်ဆောင်သည်ဖြစ်၍ အိမ်နီးချင်းနိုင်ငံများ၊ အာရှနိုင်ငံများ၊ ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံများက နားလည်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

(၁၂) ပြည်သူ့တော်လှန်ရေး စတင်ပြီဖြစ်၍ မင်းအောင်လှိုင်ရဲ့ လိမ်လည်လှည့်ဖြားမှု၊ ဖိနှိပ်မှုအောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သားများ၊ ပြည်သူ့ရဲများ၊ ဝန်ထမ်းတွေအနေနဲ့ ပီဒီအက်ဖ်တွေနဲ့ ချက်ချင်းပူးပေါင်း ဆောင်ရွက်ကြပါ။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနများသို့ အမြန်ဆုံး သတင်းပို့ကြပါ။ 

(၁၃) ယနေ့မှစ၍ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများအားလုံး ရုံးမတက်ကြရန် သတိပေး တားမြစ်လိုက်သည်။

(၁၄) ယခု အရေးတော်ပုံတွင် အသက်အိုးအိမ် စွန့်လွှတ်အနစ်နာခံသူများကို နိုင်ငံတော်၏ သူရဲကောင်းများအဖြစ် အစဉ်အမြဲ အသိအမှတ်ပြုနေမည် ဖြစ်ပါတယ်။ 

ပြည်သူ့အုံကြွမှုကို ကျေးလက်၊ မြို့ပြနဲ့ နိုင်ငံတဝန်းလုံးမှာ တပြိုင်တည်း လုပ်ဆောင်ကြရမည်။ ပြည်သူလူထု၏ စည်းလုံးညီညွတ်မှု၊ တီထွင်ဆန်းသစ်မှု၊ ဉာဏ်ရည်ထက်မြက်မှု၊ စိတ်ဓာတ်ကြံ့ခိုင် ပြင်းထန်မှုအပေါ် မူတည်၍ တော်လှန်ရေးကာလ တိုတောင်းမည် ဖြစ်သည်။

အာဏာသိမ်းအကြမ်းဖက် မင်းအောင်လှိုင်နဲ့ အာဏာရှင်စနစ်ကို မြန်မာနိုင်ငံမှ အပြီးတိုင်ဖြုတ်ကာ တိုင်းရင်းသားပြည်သူများအားလုံး စောင့်မျှော်ခဲ့တဲ့ တန်းတူအခွင့်အရေးကို အပြည့်အဝ အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ ထူထောင်ကာ ပြည်ထောင်စုမြန်မာနိုင်ငံသည်လည်း ကမ္ဘာ့အလယ်တွင် တဖန်ထွန်းတောက်လာမှာ ဖြစ်ပါတယ်။

အရေးတော်ပုံ မုချအောင်မြင်ရမည်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024