အင်တာနက်ဖြတ်တောက်ထားတာ ၂ ပတ်ကျော်လာပြီဖြစ်တဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းတိုက်နယ်ဆေးရုံထဲက ဝန်ထမ်းအိမ်ရာရှေ့မှာ စက်တင်ဘာ ၅ ရက်နေ့ည ၇ နာရီခွဲက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
"စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးပိုင်းက လုံးခင်းဆေးရုံကို ပြန်ဖွင့်ဖို့ ရပ်မိရပ်ဖတွေကို ဖိအားပေး တိုက်တွန်းထားတာရှိတယ်။ ဖွင့်နိုင်မဖွင့်နိုင်ကို ဆေးရုံဝင်းထဲမှာ စက်တင်ဘာလ ၆ ရက်နေ့ မနက် ၁၀ နာရီမှာ အစည်းအဝေးပြုလုပ်သွားဖို့ ဖိတ်စာတွေတော့ဝေထားပြီ၊ အခုညမှာ အသံဗုံးထင်တယ် ကွဲသွားတာ၊ ထိခိုက်ဒဏ်ရာရတဲ့သူတော့မရှိဘူး" လို့ ပြောပါတယ်။
ဩဂုတ် ၃၁ ရက်နေ့မနက်ပိုင်းကလည်း ဖားကန့်မြို့နယ်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အဝင်တံခါးအနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ သိရပါတယ်။
ဖားကန့်မြို့နယ်ကို ဩဂုတ် ၂၀ ရက်နေ့ ည ၈ နာရီခန့်ကစပြီး ဖုန်းအော်ပရေတာ အားလုံးရဲ့ ဖုန်းအင်တာနက်များနဲ့ ဝိုင်ဖိုင်စက်တွေ ဖြတ်တောက်ခဲ့တာ ဒီနေ့အထိဖြစ်ပါတယ်။ ဖားကန့်မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြပွဲတွေလည်း ဆက်လက်ပြုလုပ်နေကြပါတယ်။