Home
မြန်မာသတင်း
လူသားချင်းစာနာမှုအကူအညီပေးနိုင်‌ရေး ၄ လ အပစ်ရပ်စဲရန် အာဆီယံ အထူးကိုယ်စားလှယ်တိုက်တွန်း
DVB
·
September 5, 2021

မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီတွေ ပထမအသုတ်အဖြစ်  ချောချောမွေ့မွေ့ပေးနိုင်ဖို့အတွက် ဘက်အားလုံးအနေနဲ့ ၄ လကြာ အပစ်အခတ်ရပ်စဲထားဖို့ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဧရာဝဏ်ယူဆော့ဖ်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဂျပန် အခြေစိုက် ကျိုဒိုသတင်းဌာနနဲ့ စက်တင်ဘာ ၄ ရက်နေ့က သီးသန့် အင်တာဗျူးမှာ  ဘရူနိုင်းနိုင်ငံရဲ့ ဒုနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် အာဆီယံအထူးကိုယ်စားလှယ်လည်း ဖြစ်တဲ့ မစ္စတာ ယူဆော့ဖ်က ပြောကြားလိုက်တာပါ။ 

အခုနှစ် ကုန်အထိ အပစ်အခတ်ရပ်စဲထားဖို့ စစ်ကောင်စီခန့်ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့က အွန်လိုင်းကနေ ရုပ်သံနဲ့ဆွေးနွေးရာမှာ အဆိုပြုခဲ့တဲ့အကြောင်းနဲ့ စစ်တပ်က ဒါကို လက်ခံတယ်လို့လည်း ပြောပါတယ်။

“ဒါဟာ နိုင်ငံရေးအရ အပစ်အခတ်ရပ်စဲဖို့ မဟုတ်ပါဘူး။ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်သားတွေရဲ့ ဘေးကင်းရေးနဲ့ လုံခြုံရေး သေချာစေဖို့ အပစ်ရပ်စဲဖို့ဖြစ်ပါတယ်။ သူတို့အနေနဲ့ ပြည်သူလူထုတွေကို ဘေးကင်းကင်းနဲ့ အကူအညီပေးရေး ပစ္စည်းတွေ ဖြန့်ဝေနိုင်ဖို့ပါ” လို့ ယူဆော့ဖ်က ပြောပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်နေတဲ့သူတွေအားလုံးကိုလည်း တဆင့်စကားပါး ကမ်းလှမ်းခဲ့တဲ့အကြောင်းနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ “ ကျနော်ပြောတာကို သူတို့သဘောမတူတာမရှိပါဘူး” လို့ အာဆီယံအထူးသံတမန်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော်အာဏာကို တရားမဝင် သိမ်းယူပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေ အယောက် ၁၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကာ အယောက် ၅၀၀၀ ကျော်ကို ဖမ်းဆီးထောင်ချထားပါတယ်။

ဒါ့အပြင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကိုချိုးဖောက်ကာ တိုင်းရင်းသားဒေသတွေကို လေကြောင်းကနေ ဝင်ရောက်ဗုံးကြဲခဲ့သလို မြေပြင်ကနေလည်း  ကျူးကျော် ဝင်ရောက်လာတာကြောင့် တိုက်ပွဲတွေဖြစ်ပွားပြီး သောင်းနဲ့ချီတဲ့ တိုင်းရင်းသား ပြည်သူတွေ  စစ်ဘေး ရှောင်ထွက်ပြေးနေကြရပါတယ်။

စက်တက်ဘာလလယ်လောက် အစောဆုံးပေးဖို့ စီစဉ်ထားတဲ့ အာဆီယံရဲ့ ပထမအသုတ် အကူအညီတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရတဲ့ မြန်မာပြည်သူ အားလုံးအတွက် ဆေးဝါးနဲ့ အောက်ဆီဂျင်ထုတ်စက်တွေအပါအဝင် တခြား ဆေးပစ္စည်းအကူအညီတွေပါဝင်မှာဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ဒေသတွေအတွက်တော့  အိမ်နီးချင်း ထိုင်းနိုင်ငံကနေ ဖြတ်ပြီး ပေးပို့မယ်လို့  ပြောပါတယ်။  နောက်တဆင့် အကူအညီတွေမှာတော့  ကာကွယ်ဆေးတွေ ပို့ပေးမယ်လို့ ပြောပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ အခုလအတွင်းမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ မျှော်လင့်ကြောင်းနဲ့ ခရီးစဉ်မှာ ဖမ်းဆီးခံဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့တော့ စစ်ကောင်စီဘက်က  မီးစိမ်းမပြသေးတဲ့အကြောင်း ဒီကိစ္စထပ်ပြီးဆွေးနွေးဖို့ရှိတယ်လို့လည်း   ပြောပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့နဲ့ အထူးကိုယ်စားလှယ်ခန့်ဖို့ကိစ္စအပါဝင် ဘုံ သဘာတူညီချက် ၅ ချက်ကို  ဧပြီလ ဂျာကာတာမှာကျင်းပခဲ့တဲ့  အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှာကတည်းက ချမှတ်ခဲ့တာဖြစ်ပေမဲ့  အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် မစ္စတာ ယူဆော့ဖ်ကို  ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကမှ အတည်ပြု ခန့်အပ်နိုင်ခဲ့တာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024