အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့ ကရင်ပြည်နယ်အတွင်းက ပအိုဝ်းတိုင်းရင်းသားတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒွမ်) PaO People's Defense Force(Kham Dom)ကို စက်တင်ဘာ ၅ ရက်က ဖွဲ့စည်းပြီးဖြစ်ကြောင်း ကြေညာပါတယ်။
နိုင်ငံတော်အာဏာကို မတရားသိမ်းယူပြီး အပြစ်မဲ့တိုင်းရင်းသားပြည်သူ့တွေကို ဥပဒေမဲ့ သတ်ဖြတ်၊ ဖမ်းဆီးထောင်ချနေတဲ့ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့ ရည်ရွယ်ချက် ၃ ချက်နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒွမ်)အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဖက်ဆစ်ဝါဒစနစ် ကျင့်သုံးတဲ့ ဘယ်အာဏာရှင်မဆို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် တိုင်းရင်းသားတွေအတွက် အာမခံချက်ရှိပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ပေါက်လာရေးနဲ့ ပအိုဝ်းတိုင်းရင်းသားတွေအနေနဲ့ တခြားတိုင်းရင်းသားတွေနည်းတူ အမျိုးသားရေး တန်းတူခွင့်ရရှိနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ပအိုဝ်းတိုင်းရင်းသားပြည်သူ့လူထုတွေအနေနဲ့ မိမိတို့ရဲ့အနာဂတ် ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင်ဖို့အတွက် စစ်အာဏာရှင်တော်လှန်ရေးမှာ တက်ကြွစွာ ပါဝင်ပူးပေါင်းဆောင်ရွက်ကြဖို့ နှိုးဆော်တိုက်တွန်းထားပါတယ်။
မကြာခင်ရက်ပိုင်းအတွင်းမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးက ပအိုဝ်းတိုင်းရင်းသားတွေနဲ့ ပအိုဝ်းအမျိုးသားအတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းပြီးကြောင်း ကြေညာသွားဖို့ရှိသလို ပအိုဝ်းပြည်သူ့တွေအနေနဲ့ အာဏာရှင်အမြစ်ပြုတ်ရေးမှာ ဝိုင်းရံ ကူညီထောက်ပံပေးကြဖို့ မေတ္တာရပ်ခံတယ်လို့ PPDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။