ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လူငယ်တွေကို PDF တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲဖမ်းဆီးနေတာ ၁ ပတ်အတွင်း ဖမ်းဆီးခံရသူ လူငယ် ၁၄ ဦးထိရှိလာပြီလို့ ဒေသခံတွေထံက သိရပါတယ်။
စက်တင်ဘာလ ၁ ရက်ကစတင်ကာ ပုသိမ်မြို့ပေါ်ရပ်ကွက်တွေမှာ စစ်အုပ်စုက ဧည့်စာရင်းလိုက်စစ်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အန်အယ်လ်ဒီပါတီ ထောက်ခံအားပေးတဲ့လူငယ်တွေကို လိုက်လံဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
PDF တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲဖမ်းဆီးခံရသူတွေကတော့ ရှောပြာကျေးရွာက ၄ ဦး၊ သလပ်ခွာကျေးရွာက ၁ ဦး၊ ရာမည ရပ်ကွက်က ၃ ဦးနဲ့ ဥမ္မာဒန္တိက ၆ ဦး စုစုပေါင်း ၁၄ ဦးရှိပါတယ်။
ရှောပြာကျေးရွာမှာ ဖမ်းဆီးခံရသူတွေအနက် အန်အယ်လ်ဒီပါတီအားပေးထောက်ခံသူ နှစ်ဦးလည်း ပါဝင်ပြီး ကျန် ၂ ဦးကတော့ လက်နက်ပြုလုပ်လို့ဆိုတာ ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။
“ရွာမှာ ဝင်ရှာတာ ၂ ယောက်ထဲက တစ်ယောက် အဖမ်းခံရတယ်။ ဒလန်တိုင်လို့ ဖမ်းတာလို့ ပြောတယ်။နောက်ရက်ပိုင်း လက်နက်လုပ်တယ်ဆိုပြီး အဖမ်းခံရတဲ့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကတော့ တောစပ်မှာနေတာ။ ဆင်အန္တရာယ်ရှိတော့ လက်နက် အနည်းအကျဥ်း ဆောင်ထားရတယ်။ အဲဒါကို လက်နက်လုပ်တယ်ဆိုပြီး ဖမ်းတာ။”
ဖမ်းဆီးခံထားရတဲ့ အဆိုပါလူငယ်တွေကို စစ်အုပ်စုက ဘယ်နေရာမှာ ဖမ်းဆီးထားတယ်၊ ဘာအမှုနဲ့ အရေးယူထားတယ်ဆိုတာ မသိရသေးသလို ဒီကနေ့အထိ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေပါတယ်။