Home
မြန်မာသတင်း
ကလေးမြို့နယ် ကျေးရွာနေအိမ်များကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
DVB
·
September 4, 2021

ကလေးမြို့နယ်တောင်ပိုင်း မြစ်သာမြစ်အရှေ့ဘက်ရွာတွေကို အကြမ်းဖက် စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ ဖျက်ဆီးနေတာကြောင့် ရွာသားတွေ ထွက်ပြေးနေရပါတယ်။

ဒေသခံတယောက်က “မနေ့ နေ့လယ်ကတည်းက စစ်ကောင်စီတပ်သား ၈၀ လောက် ခြေလျင် ကုန်းကြောင်းသွားပြီး အင်းကျွန်းရွာနဲ့ ရေရှင်ရွာကြားကနေ ရေရှင်ရွာကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ၊ ည ၇ နာရီလောက်မှာ ရွာထဲကိုဝင်တယ်။ အိမ်တွေကို မီးရှို့တယ်” လို့ ပြောပါတယ်။

ရွာသားတွေ အားလုံးထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက်စစ်သားတွေကတော့ ရွာကအိမ်တွေမှာ တပ်စွဲပြီးနေကြတယ်လို့လည်း သူက ဆိုပါတယ်။ စစ်တပ်ဟာ ကျောက်ပြုတ်၊ ကျောက်ဆည်ရွာတွေကိုလည်း ဝင်ရောက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်ကလည်း “ဒီနေ့ ရွာထဲ အကုန်ရှာမယ်လို့ သိထားတယ်။ တယောက် ဖမ်းခံထားရတယ်လို့လည်း ကြားတယ်။ ဘယ်သူလဲတော့ မသိရသေးဘူး။ အခု ရွာထဲမှာ သေနတ်ပစ်နေတယ်ဗျ။ အသံပဲ ကြားရတာ။ အကုန်ထွက်ပြေးနေရလို့။ အိမ်တွေကိုတော့ မီးရှို့နေတုန်းပဲ” လို့ ဒီမနက်ပိုင်းက ပြောပါတယ်။

ရွာသားတွေရဲ့ နွားတွေ၊ ဝက်တွေကိုလည်း ပစ်ခတ်စားသောက်နေကြတယ်လို့ သူက ပြောပါတယ်။

မနေ့က မနက် ၉ နာရီလောက်မှာ ရေရှင်ရွာဘက်ကို လာနေတုန်း ကလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ် ချုံခိုတိုက်ခိုက်ခဲ့တယ်လို့လည်း PDF-Kalay က ထုတ်ပြန်ထားပါတယ်။

ည ၇ နာရီလောက်အထိ တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သားတွေ သေဆုံး ဒဏ်ရာရတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ၂ ယောက်ကတော့ မစိုးရိမ်ရတဲ့ ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။

လက်ရှိဖြစ်နေတဲ့ စစ်ရေးအခြေအနေအရ ကလေးနဲ့ ဂန့်ဂေါမြို့ကြားကို ကားတွေ လုံးဝ ဖြတ်မသွားကြဖို့လည်း သူတို့က ထုတ်ပြန်ထားပါတယ်။

ဒီနေ့မှာတော့ အကြမ်းဖက် စစ်တပ်ဟာ လယ်ခြားရွာဘက်ကို ထွက်လာပြီး မနက် ၉ နာရီလောက်ကနေ ၁၁ နာရီလောက်အထိ PDF-Kalay နဲ့ ထိတွေ့တိုက်ပွဲဖြစ်တယ်လို့ဆိုပါတယ်။

မနေ့ကနေ ဒီနေ့အထိ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၈ ယောက်သေပြီး PDF-Kalay ဘက်ကတော့ ၃ ယောက် လက်နက်ကြီး အစအနမှန် ဒဏ်ရာရထားတယ်လို့ ထုတ်ပြန်ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေကိုလည်း PDF-Kalay တပ်ဖွဲ့ဝင်တွေက လိုက်ပါစောင့်ရှောက် ကာကွယ်ပေးနေတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024