ဦးကျော်မိုးထွန်းကို ကုလအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်ထားရန် တောင်ကိုရီးယား ထောက်ခံမည်

စက်တင်ဘာအတွင်းပြုလုပ်မယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင်အစိုးရအဖြစ်သတ်မှတ်ဖို့နဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်  ဆက်လက်ခန့်ထားဖို့ ထောက်ခံပေးမယ်လို့ တောင်ကိုရီးယားအာဏာရပါတီဘက်က ကတိပေးပြောကြားလိုက်ပါတယ်။

NUGအစိုးရရဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ  မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနဲ့ တောင်ကိုရီးယား အာဏာရပါတီရဲ့ နိုင်ငံတကာဆက်ဆံရေးမှူး လွှတ်တော်အမတ် မစ္စတာအီယုဆွန်းတို့ စက်တင်ဘာ ၂ ရက်ကတွေ့ဆုံဆွေးနွေးစဉ် ကတိစကားရရှိခဲ့တာပါ။

“တောင်ကိုရီးယားလွှတ်တော်ရော၊ အစိုးရကပါ မြန်မာနိုင်ငံအရေးကိစ္စ အထူးစိတ်ဝင်တစားရှိကြောင်း၊ ကုလသမဂ္ဂအစည်းအဝေးမှာလည်း မြန်မာပြည်သူတွေရဲ့ဆန္ဒအတိုင်း မဲပေးရပ်တည်သွားမယ်လို့ အာဏာရပါတီရဲ့ နိုင်ငံတကာဆက်ဆံရေးမှူးဆီကနေ ကတိစကားရရှိပါတယ်"လို့  ဦးရန်နိုင်ထွန်းက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက စစ်ဘေးရှောင်တွေနဲ့ မြန်မာပြည်သူတွေအတွက် ကုလသမဂ္ဂအဖွဲ့အစည်းတွေကတဆင့် ထောက်ပံမယ့်အစီအစဥ်တွေကိုလည်း နိုင်ငံတကာဆက်ဆံရေးမှူးက အသိပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ NUGအစိုးရရဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် အဖြစ်ခန့်အပ်လွှာကိုလည်း ဦးရန်နိုင်ထွန်းက ပေးအပ်ခဲ့ပါတယ်။

တောင်ကိုရီးယားအစိုးရနဲ့ လွှတ်တော်အနေနဲ့ မြန်မာပြည်မှာ စစ်အာဏာသိမ်းမှုနဲ့ စစ်တပ်က ပြည်သူတွေအပေါ်ညှဉ်းပန်း၊နှိပ်စက်၊ သတ်ဖြတ်တာတွေကို ရှုတ်ချကြောင်း အတိအလင်း ထုတ်ပြန်ကြေညာထားပါတယ်။

မကြာသေးခင်ရက်ပိုင်းကလည်း NUGအစိုးရနဲ့ ဆက်လက်လက်တွဲပူးပေါင်းဆောင်ရွက်သွားမယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။

စက်တင်ဘာဒုတိယအပတ်မှာပြုလုပ်မယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ  ကုလသမဂ္ဂအနေနဲ့  NUG ကိုယ်စားလှယ်နဲ့ စစ်ကောင်စီကိုယ်စားလှယ် ဘယ်သူကိုရွေးချယ်မဆိုတာ ဆုံးဖြတ်ရွေးချယ်ဖို့ ရှိနေပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up