မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ စက်တင်ဘာ ၁ ရက် ည ၉ နာရီက ကာလတန်ဖိုး ကျပ် ၅ ဒသမ ၉၂၅ ဘီလီယံရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်မှာ (ဆ)ရပ်ကွက်၊ ၆၁ လမ်း၊ ၁၃၀ လမ်းနဲ့ ၁၃၁ လမ်းကြား၊ အမှတ် ၇၀/၇၁ ရှိ ဒေါ်စိန်ဌေးရဲ့ နေအိမ်နဲ့တွဲလျက် ဂိုဒေါင်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။
ဒေါ်စိန်ဌေးကိုလည်း တွေ့ရှိခဲ့ပြီး ဂိုထောင်ထဲမှာ မီးသွေးအိတ်တွေနဲ့ ဖုံးအုပ်သိုဝှက်ထားတဲ့ ဆာလာအိတ် ၁၆ အိတ်တွင်း ထည့်ထားတဲ့ ကာလတန်ဖိုး ကျပ် ၅ ဒသမ ၉၂၅ ဘီလီယံရှိ စိတ်ကြွဆေးပြား ၃၉၅၀,၀၀၀ နဲ့အတူ မူးယစ်ဆေးသယ်ရာမှာသုံးတဲ့ ဖူဆိုအမျိုးအစား ၁၀ ဘီးယာဉ် ၁ စီး ၊တိုယိုတာ ဒိုင်နာမော်တော်ယာဉ် ၁ စီး၊ တိုယိုတာတောင်းအေ့စ်မော်တော်ယာဉ် ၁ စီးတို့ကို သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒေါ်စိန်ဌေးကို မူးယစ်ဆေးဝါးနဲ့စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာဥပဒေနဲ့ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်ပြီး စစ်ဆေးဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။