မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တပ်ကုန်းကျေးရွာက ပြည်သူတွေရဲ့နေအိမ်တွေကို စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေက စက်တင်ဘာလ ၃ ရက် ဒီ မနက် ၈ နာရီကျော်က ဝင်ရောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တပ်ကုန်းကျေးရွာသား ဦးခင်မောင်တိုး၊ ဦးသိန်းနိုင်နဲ့ ဦးမျိုးလင်းမောင် တို့ရဲ့ နေအိမ်တွေ မီးရှို့ဖျက်စီးခံလိုက်ရလို့ ပျက်စီးဆုံးရှုံးမှုများပြားတယ်လို့ သိရပါတယ်။
တပ်ကုန်းကျေးရွာနေဒေသခံတဦးက ''မနက် ၈ နာရီလောက်က ရွာထဲကိုဝင်လာကြတာ။ ဝင်လာပြီးကတည်းက တွေ့သမျှဟာတွေ ဖျက်ဆီးတော့တာပဲ ။ ရွာသားတွေလည်းကြောက်လို့ တောထဲကိုပြေးကုန်ပြီ'' လို့ပြောပါတယ်။
တပ်ကုန်းရွာကို ဝင်ရောက်ဖျက်ဆီးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တောင်ဘက်ကျေးရွာက ပြည်သူတွေရဲ့နေအိမ်တွေကိုလည်းဖျက်ဆီးပြီး ပြန်လာကြတာလို့ဆိုပါတယ်။
ရွာတွေကို ဝင်ရောက်ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးတွေနဲ့ မျက်နှာဖုံးစွပ်ထားတဲ့အရပ်ဝတ်နဲ့ အင်အား ၁၅၀ ဝန်းကျင်လောက်ရှိနိုင်တယ်လို့ ရွာသားတွေက ခန့်မှန်းပြောတယ်။
''အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ပေါက်မြို့နယ်ထဲက ဝန်ခြုံးရွာမှာ တပ်ဆွဲထားတာ ၁ လနီးပါးရှိပြီ။ အခုရက်ပိုင်းမှာ တောင်ဘက်ကျေးရွာနဲ့ တပ်ကုန်းကျေးရွာက လူနေအိမ်တွေကိုပါ ဝင်ရောက်ဖျက်ဆီးနေတာဖြစ်တယ်'' လို့ ဒေသခံကျေးရွာသားတဦးက ပြောပါတယ်။
ရွာသားတွေနဲ့ နေအိမ်တွေကို ဖျက်ဆီးပြီးနောက် ဒီကနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှာတော့ အကြမ်းဖက်စစ်ကောင်စီဝင်တွေဟာ စစ်ကား ၆ စီးနဲ့ ပေါက်မြို့ဘက်ကို ပြန်သွားကြပါတယ်။